Burma Act မှ ရန်ပုံငွေများ နယ်စပ်ဖြတ်ကျော် ကူညီရန် စစ်ရှောင်ကူညီသည့်အဖွဲ့များ မျှော်လင့်

Burma Act မှ ရန်ပုံငွေများ နယ်စပ်ဖြတ်ကျော် ကူညီရန် စစ်ရှောင်ကူညီသည့်အဖွဲ့များ မျှော်လင့်

အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့ မရောက်စေပဲ နယ်စပ်မှတစ်ဆင့် တိုက်ရိုက်ကူညီရန် စစ်ရှောင်များနှင့် ၎င်းတို့အား ကူညီနေသည့် အဖွဲ့အစည်း များက မျှော်လင့်နေကြသည်။

မြန်မာနိုင်ငံတဝန်း စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်ဦးရေ မြင့်တက်နေချိန်တွင် အမေရိကန်သမ္မတက လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၇၃ သန်း အပါအဝင် စုစုပေါင်း ရန်ပုံငွေ ၁၂၁ သန်းကို Burma Act အရ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လက်မှတ်ရေးထိုး အတည်ပြုလိုက်သည်။

အဆိုပါ အကူအညီများသည် စစ်ကော်မရှင်ကို ကျော်ဖြတ်ကာ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှ တစ်ဆင့် မြေပြင်အဖွဲ့အစည်းများထံ တိုက်ရိုက်ရောက်ရှိလာရန် စစ်ရှောင်ကူညီသူများက မျှော်လင့်နေကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးတင်းမာမှုများကြောင့် စစ်ဘေးရှောင်ဦး ရေ ၃ ဒသမ ၆ သန်းကျော်အထိ ရှိလာသော်လည်း နိုင်ငံတကာအကူအညီများမှာ ဆက်တိုက်လျော့နည်းလာနေ သည်။

အထူးသဖြင့် ကရင်ပြည်တွင် စစ်ဘေးရှောင် ၁ ဒသမ ၂ သန်းကျော်ရှိနေပြီး စားနပ်ရိက္ခာ အကျပ်အတည်းနှင့် အသက်ရှင်သန်ရေးအတွက် ပြင်းထန်စွာ ရုန်းကန်နေရသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် (KPSN) ပြောရေးဆိုခွင့်ရှိသူ နော်ချယ်ရီက “Burma Act အကြောင်းကတော့ ကျမတို့ ကြားထားတာ တစ်လလောက် ရှိပါပြီ။ သူတို့အနေနဲ့ လူသားချင်းစာနာမှု (Humanitarian) အတွက် Support ပေးမယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၃၁ ရက်မှာ အထက်လွှတ်တော်က အတည်ပြုလိုက်ပြီလို့ ကြားပါတယ်။ ကျမတို့ကတော့ အမြဲတမ်း Advocacy လုပ်နေတာက အကူအညီတွေကို စစ်ကော်မရှင် ဆီ မသွားဘဲ နယ်စပ်ဖြတ်ကျော် (Cross-border) လမ်းကြောင်းကနေ မြေပြင်မှာ တကယ် အလုပ်လုပ်နေတဲ့ Local organizations တွေဆီ တိုက်ရိုက်ရောက်ဖို့ပါပဲ။ အဲ့ဒါက ကျမတို့ရဲ့ မျှော်လင့်ချက်ပါပဲ” ဟု ပြောသည်။

စစ်ကော်မရှင်တပ်၏ တရစပ် တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်များသည် နေရာအတည်တကျမရှိဘဲ ခဏခဏ ပြောင်းရွှေ့နေရသဖြင့် ရေရှည်စီမံကိန်းများထက် တစ်နေ့တာ အသက်ရှင်သန်ရေးမှာ ပိုမိုအရေးကြီးနေ သည်။

နော်ချယ်ရီကပင် ဆက်လက်၍ “ကျမတို့ကလယ်လွီထူး (ညောင်လေးပင်) ဘက်မှာ လေကြောင်း တိုက်ခိုက်မှု တွေ၊ ဒရုန်းတွေနဲ့ တရစပ်လုပ်နေတော့ IDPs တွေက ခဏခဏ ပြောင်းရွှေ့နေရတယ်။ ကျမတို့မှာ ရေရှည် အတွက် Plan တွေ ရှိပေမယ့် မြေပြင်မှာတော့ Survival (အသက်ရှင်သန်ရေး) အတွက်ပဲ အကုန်လုံး ရုန်းကန် နေရတာပါ။ မိသားစုတစ်စုကို ဆန် ၅ အိတ်လောက် ပေးချင်ပေမယ့် လက်ရှိမှာ ၁ အိတ်လောက်ပဲ ပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်” ဟု ရှင်းပြသည်။

ထိုင်း-ကရင်နီနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင်လည်း ရန်ပုံငွေဖြတ်တောက်မှုကြောင့် ဒုက္ခသည် ၈၀ ရာခိုင်နှုန်း ကျော် ရိက္ခာပြတ်တောက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ကျန်းမာရေးဝန်ဆောင်မှု ပေးနေသည့် IRC ကဲ့သို့ အဖွဲ့အစည်းများမှာလည်း လာမည့် မတ်လတွင် လုပ်ငန်းများ ရပ်နားတော့မည် ဖြစ်သည်။

ကရင်နီဒုက္ခသည်ကော်မတီ (KnRC) ဥက္ကဋ္ဌ ဦးနေကော်ထူးက “တကယ်လို့ ရလာခဲ့ရင်တော့ ဒါက အပေါင်း လက္ခဏာပေါ့။ အခု ကျန်းမာရေးဝန်ဆောင်မှုတွေ လျှော့ချလိုက်လို့ လူထုတွေက မရှိတဲ့ကြားကနေ ကိုယ့်ဘာ သာ ဆေးရုံသွားနေရတာဆိုတော့ ရလာရင်တော့ အဲ့ဒီဘက်ကို အများကြီး အထောက်အကူ ဖြစ်သွားမှာပါ။ နောက်ပြီး အရင်က NGO တွေ ကူညီခဲ့တဲ့ ရေပေးဝေရေးနဲ့ အမှိုက်သိမ်းစနစ်တွေမှာလည်း အခက်အခဲတွေ ရှိနေတာပါ” ဟု ပြောသည်။

ယခုအတည်ပြုလိုက်သော အမေရိကန်၏ ဘတ်ဂျက်တွင် လူသားချင်း စာနာမှုဆိုင်ရာ ရိက္ခာနှင့် ဆေးဝါးများ အပြင်၊ လက်နက်မဟုတ်သော အကူအညီများ၊ ရိုဟင်ဂျာများအတွက် တရားမျှတမှု ရှာဖွေရေးနှင့် နိုင်ငံရေး အကျဉ်းသားများအား ပံ့ပိုးရေးတို့ ပါဝင်နေသည်။

နိုင်ငံတကာ အကူအညီများကို စစ်ကော်မရှင်အား ကျော်ဖြတ်ကာ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှ တစ်ဆင့် မြေပြင်အခြေစိုက် လူမှုအဖွဲ့အစည်းများဆီ တိုက်ရိုက်ဖြန့်ဝေခြင်းသည်သာ ဒုက္ခသည်များထံ အကူအညီ အမှန်တကယ် ရောက်ရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ကူညီပေးနေသူများက ပြောသည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...