ပြီးခဲ့တဲ့နှစ်က ဒီးမော့ဆိုမြို့ပေါ် အနီးတစ်ဝိုက်မှာ စစ်ဘေးရှောင်ရင်း စပါး ၊ ပြောင်း ပြန်စိုက်ခဲ့ကြတဲ့ ဆော်ပထန်စစ်ဘေးရှောင်တွေဟာ သီးနှံတွေကို ပြန်မရိတ်သိမ်းနိုင်ခဲ့တဲ့ အခက်အခဲကြောင့် လက်ရှိမှာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
ရိတ်သိမ်းကာလအတွင်း စစ်ကော်မရှင်ရဲ့ ဒရုန်း ၊ လက်နက်ကြီးတွေ ပစ်ခတ်မှုနဲ့အတူ စစ်ကြောင်းထိုးတာတွေကြောင့် စိုက်ပျိုးထားတဲ့ စပါးခင်းတွေအားလုံးကို ချန်ရစ်ခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
"တချို့က လယ်မရှိ ယာမရှိဘဲ တစ်ရက်လုပ်တစ်ရက်စားတဲ့ အဖွဲ့တွေလည်း ရှိတယ်။ တချို့ကျတော့ စိုက်ထားပေမဲ့လည်း မရိတ်ဖြစ်ဘူး။ မသိမ်းဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ဒရုန်းတွေဝဲနေလို့ လေယာဉ်တွေဝဲနေလို့ စစ်သားတွေလည်း ရောက်လာတဲ့အတွက် ပြောင်းပဲဖြစ်ဖြစ် စပါးပဲဖြစ်ဖြစ် ကျန်ခဲ့တာအများကြီးရှိတယ်။ အဲ့ကြောင့် ရသင့်ရထိုက်တဲ့ စိုက်ထားတဲ့ လယ်ယာစပါးတွေကို မသိမ်းရဘဲ ကျန်ခဲ့တယ်။ ဒါကြောင့်မို့ ရိက္ခာအတွက် လုံလောက်မှုမရှိတော့ဘူးပေါ့။ ကူညီထောက်ပံ့ပေးတဲ့ အလှူရှင်တွေလဲ ရပ်သွားတော့ အခက်ခဲအမျိုးမျိုးကြုံနေရတယ်ပေါ့။"လို့ စစ်ဘေးရှောင်တဦးဖြစ်တဲ့ ဦးဟူးကိုက ဆိုပါတယ်။
ယခုနှစ် အစောပိုင်းမှာပဲ ဆော်ပထန်စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့အတူ အလှူရှင် မရောက်ရှိတာ (၈)လ ဝန်းကျင်ရှိပြီတာကြောင့် ဆန်ရိက္ခာအတွက် အခက်ခဲရှိတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ စစ်ဘေးရှောင်တွေဟာ ဒေသခံတွေရဲ့ လယ်ယာ၊ ခြံတွေမှာ အငှား (နေ့စား)ခေါ်ရင် လုပ်ကိုင်ကြသူရှိသလို တချို့ကလည်း မိမိတို့ပိုင်ဆိုင်ထားတဲ့ လယ်ကွက်၊ နွား ၊ခြံ စတာတွေကို ရတဲ့ဈေးနဲ့ရောင်းထုတ်ကာ ဝမ်းရေးကို ဖြေရှင်းနေကြရပါတယ်။
ယခင် ဒီးမော့ဆိုမြို့ အနီးအနားကို ပြန်လို့ရစဉ်က ကျန်ရစ်တဲ့ ခြံတွေမှာ စိုက်ပျိုးရေးလုပ်ကိုင်ပြီး ဝမ်းရေးဖြေရှင်းလို့ရခဲ့ပေမယ့် လက်ရှိမှာတော့ ချေးငှားစားသောက်နေရတယ်လို့ စစ်ရှောင်အမျိုးသမီးဖြစ်တဲ့ ဒေါ်အာပိုလိုညာက အခုလို ပြောပါတယ်။
"အရင်တုန်းကဆို ခက်ခဲရင် ငါးတွေ ခရုကလေးတွေ၊ နွားချေးတွေ လိုက်ကောက်ရင်းနဲ့ အဲ့ပိုက်ဆံစုပြီးဝယ်စားတယ်။ ခုကျတော့ အလှူရှင်လည်း မလာဘူး။ နွားချေးပြန်ကောက်မယ်ဆိုလည်း ကျမတို့ သွားကောက်တဲ့နေရာဆို ဒရုန်းတွေဝဲတဲ့နေရာလေ။ ဟိုးအရင်တုန်းကလို မလွတ်လပ်တော့ဘူးပေါ့နော်။ သွားလို့လည်း မရတော့ဘူး"လို့ သူက ပြောပါတယ်။
ဝင်ငွေရအလုပ်အကိုင်မရှိတာကြောင့် ဆန်ရိက္ခာအပြင် ကလေးကျောင်းစရိတ် နဲ့ ချက်ပြုတ်စားသောက်ရေးအတွက် ရေဝယ်ယူနိုင်ဖို့ အခက်အခဲရှိလာတယ်လို့ ဒေါ်အာပိုလိုညာက ဆက်ပြောပါတယ်။
ဆော်ပထန်စစ်ရှောင်စခန်းမှာ ဒီးမော့ဆို မြို့ပေါ်ရပ်ကွက်အပြင် ဒီမော့ဆို - ဖရူဆိုမြို့နယ်အစပ်က စစ်ဘေးရှောင်တွေ လာရောက် စုပေါင်းတိမ်းရှောင်ကြပြီး လူဦးရေ (၃၀၀၀) ဝန်းကျင်ရှိပါတယ်။







