လမ်းခရီး ပိတ်ဆို့ခံရမှုကြောင့် ရခိုင်လူငယ်များ ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေရ

လမ်းခရီး ပိတ်ဆို့ခံရမှုကြောင့် ရခိုင်လူငယ်များ ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေရ
၂၀၂၃ ခုနှစ် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသူ/သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်တွေ တက္ကသိုလ်
၂၀၂၃ ခုနှစ် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသူ/သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်တွေ တက္ကသိုလ်

လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်တွင် ရခိုင်လူငယ် အများအပြားသည် ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားရေး အခွင့်အလမ်းများ ဆုံးရှုံးနေကြောင်း ပြောဆိုကြသည်။

လက်ရှိ ရခိုင်ပြည်ကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး အာရက္ခတပ်တော်ကလည်း အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) များကြောင့်လည်း ရခိုင်လူငယ်များမှာ ရခိုင်ပြည်တွင်းကနေ ပြင်ပထွက်ခွာခွင့်ကို ပိတ်ပင်ခံထားရသည်။

ထို့သို့ ရခိုင်လူငယ်များကို ရခိုင်ပြည် ပြင်ပသို့ ပညာသင်ကြားရန်နှင့် အလုပ်လုပ်ကိုင်ရန် သွားရောက်ခြင်းကို ပိတ်ပင်တားမြစ်ထားခြင်းကြောင့် လူငယ်များ ပညာရေးအခွင့်အလမ်းများ နစ်နာနေကြောင်း ပြောဆိုကြသည်။

“ ပြည်ပထွက်ခွာခွင့် တားဆီးမှုတွေ မရှိရင်တော့ ပိုကောင်းမယ်။ အခုနောက်ပိုင်းက နိုင်ငံခြားမှာ မြန်မာနိုင်ငံသားတွေအတွက် ပညာသင်ဆု ခေါ်တာတွေ အများကြီး ရှိပါတယ်။ ဒီပညာသင်ဆုတွေက စစ်ဖြစ်တဲ့ နိုင်ငံ၊ စစ်ပွဲတွေ ပြင်းထန်တဲ့ ဒေသတွေကို ပိုမို ဦးစားပေးပါတယ်။ ဒါပေမဲ့ ရခိုင်ဒေသဟာ အင်တာနက်မရတဲ့ ဒေသဖြစ်လို့ ခေါ် နေရင်လည်း မသိတာများတယ်။ လျှောက်လို့ပါရင်လည်း ပြင်ပထွက်ခွင့်မှု ပိတ်ပင်ထားလို့ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ ဒါကြောင့် ပညာသင်ခွင့် သွားလို့ရအောင် လမ်းဖွင့်ပေးစေချင်ပါတယ် ” ဟု မြောက်ဦးမြို့နယ်က အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။

ယင်းအပြင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ရခိုင်ကျောင်းသားများမှာ လက်ရှိတွင် ရခိုင်ပြည်အတွင်း INGO/NGO များမှ ခေါ်ယူဖွင့်လှစ်ထားသော ပညာသင်ဆု (Scholarship) များကိုသာ အားထားတက်ရောက်နေကြရကြောင်း ပြောသည်။

သို့သော်လည်း ရခိုင်ပြည်တွင်းတွင် ပညာသင်ဆု ခေါ်ယူမှု နည်းပါးနေပြီး အချို့သော ကျောင်းသူ/သားများမှာ ပညာအရည်အချင်းများရှိသော်လည်း မိမိဆန္ဒများကို အကောင်အထည်မဖော်နိုင်ဘဲ မိသားစုဝင်များ၏ လုပ်ငန်းများတွင် လုပ်ကိုင်နေကြရသည်။

အခြားတစ်ဖက်တွင်လည်း ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာ နေရာများကို တိမ်းရှောင်နေကြရပြီး ပညာရေးအပိုင်းတွင် အခက်အခဲစိန်ခေါ်မှု များစွာဖြင့် ရင်ဆိုင်နေကြရသည်။

“ လူငယ်တွေက အရည်းအချင်း ရှိကြပါတယ်။ ဒါပေမဲ့ ရခိုင်မှာက ပညာရေးပရိုဂရမ်တွေ နည်းတော့ ကျောင်းပြီးတာနဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကြပါတယ်။ နိုင်ငံခြားထွက်လို့ ပညာတော်သင် ရည်မှန်းချက်တွေတော့ ရှိကြတယ်။ ဒါပေမဲ့ မိသားစုအရေး၊ ပြင်းထန်တဲ့ စစ်ရေးတွေကြောင့် ပြည်ပထွက်ဖို့ တားမြစ်ပိတ်ပင်ထားပြီး လူငယ်တွေ ပညာသင် အခွင့်အရေးတွေ ဆုံးရှုံးနေရတာလည်းဖြစ်တယ် ” ဟု ရခိုင်ပြည် ပညာရေး ပရိုဂရမ် (Education Program) တွင် လုပ်ကိုင်နေသော ဆရာတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင်းရှိ လူငယ်များသည် လေကြောင်းအန္တရာယ်ကြောင့် ပညာသင်ခွင့်ဆုံးရှုံးနေကြရပြီး နိုင်ငံခြား ပညာရေးအခွင့်အလမ်း တက္ကသိုလ်များတက်ရောက်ရန်အတွက်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပညာသင်ခွင့်ဆုံးရှုံးမှုဒဏ်ကိုလည်း ခံနေရခြင်းလည်းဖြစ်သည်။

ယင်းအပြင် အာရက္ခတပ်တော်သည် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP)ကို ပြဋ္ဌာန်းကာ ရခိုင်လူငယ်များကို ရန်ကုန်နှင့် ပြည်မဘက်သို့ ထွက်ခွာခွင့် ပိတ်ပင်ထားပြီး ဆေးကုသရန် သွားလာမည်ဆိုလျှင် ရက်အကန့်အသတ်များဖြင့် သတ်မှတ်သည့် အချိန်အတွင်း ရောက်ရမည်ဟု ဝန်ခံကတိ လက်မှတ်ဖြင့် သွားလာခွင့်ပြုကြောင်း ဒေသခံများက ပြောဆိုထားသည်။

အဆိုပါ ရခိုင်ပြည်ပြင်ပသို့ ဆေးကုသရန် သွားသည့်အခါတွင်လည်း အနည်းဆုံး ထောက်ခံစာ သုံးစောင်ယူရပြီး ပြည်တွင်းနေ မိသားစုဝင်တစ်ဦးက ဝန်ခံကတိလက်မှတ်ထိုးပြီးမှ သွားခွင့်ပြုကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လူငယ်အများအပြားသည် အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများ အရေးတကြီး လိုအပ်နေပြီး မျိုးဆက်တစ်ခုလုံးအတွက် လွတ်လပ်စွာရပ်တည်နိုင်ရေးနှင့် အခွင့်အလမ်းများ ရရှိနိုင်ရေးတို့ကို လက်လွှတ်ဆုံးရှုံးနေရကြောင်း ယူအန်ဒီပီ မြန်မာ( UNDP Myanmar)က ၂၀၂၅ အောက်တိုဘာလတွင် ထုတ်ပြန်ထားသည်။

တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...