ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက် အောင်မြင်သည်အထိ ပူးပေါင်းမည်ဟု CNF ဆို

ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက် အောင်မြင်သည်အထိ ပူးပေါင်းမည်ဟု CNF ဆို

ညီရင်းအစ်ကိုဖြစ်သော ကချင်လူမျိုးတို့နှင့် တော်လှန်တွဲလက်များ ပိုမိုခိုင်မြဲစေပြီး ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်များ အောင်မြင်သည်အထိ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ကြေညာသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်မှာ ကျရောက်သည့် ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ပေးပို့သော ချင်းအမျိုးသားတပ်ဦး၏ သဝဏ်လွှာတွင် အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

ကချင်တော်လှန်ရေး စတင်သော အချိန်မှစတင်၍ ယနေ့အချိန်အထိ တော်လှန်ရေးအင်အားစု မြောက်များစွာကို ဖေးမတွဲကူကာ စံနမူနာကောင်းဖြင့် ဦးဆောင်တိုက်ပွဲဝင်လျက်ရှိသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)ကို ဂုဏ်ယူလေးစားပါကြောင်း CNF က ထုတ်ပြန်သည်။

ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်နှင့် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြကုန်သော တော်လှန်ပြည်သူ တရပ်လုံး၏ ရည်မှန်းချက်များ ပြည့်မြောက်သည်အထိ KIO/ KIA အနေဖြင့် ဆက်လက်ဦးဆောင် တိုက်ပွဲဝင်နိုင်ပါစေကြောင်း ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်သည်ဟု သဝဏ်လွှာတွင်ဖော်ပြထားသည်။

တော်လှန်ရေးကာလအတွင်း အသက်သွေးချွေးနှင့် ကိုယ်လက်အင်္ဂါပေးလှူခဲ့ရသော ကချင်အာဇာနည်း ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းကို ဂုဏ်ယူလေးစားမှု အပြည့်ဖြင့် ဦးညွှတ်အလေးပြုပါကြောင်း CNF/ CNA က ထုတ်ပြန်သည်။

တော်လှန်ရေးခရီးတလျှောက် ပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်းများ၊ မိသားစုဝင်များနှင့် စစ်ပွဲကြောင့် အိုးအိမ်စွန့်လွှတ်ခဲ့ရသည့် ကချင်စစ်ဘေးရှောင်ပြည်သူများ အယောက်စီတိုင်းအတွက် ထိုက်တန်သည့် တရားမျှတမှု ပြန်လည်း ရရှိစေရန် NUG အစိုးရအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG အစိုးရ၏ ကချင်တော်လှန်ရေးနေ့ သဝဏ်လွှာတွင် အသိပေးထုတ်ပြန်သည်။

လက်ရှိနွေဦးတော်လှန်ရေးတွင် KIO/ KIA အနေဖြင့် ရှေ့တန်းမှနေ၍ ဦးဆောင်ပါဝင်နေပြီး ခိုင်မာသည့် မူဝါဒရှိသော တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူလျက်ရှိပါကြောင်း NUG က ဆိုသည်။

ကချင်တမျိုးသားလုံး၏ မျှော်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်သို့ ရောက်သည်အထိ မဟာမိတ် ကချင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် အတူလက်တွဲ၍ ဆုံးခန်းတိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုကြောင်း NUG က ထုတ်ပြန်သည်။

ကချင်တိုင်းရင်းသားတို့သည် ၎င်းတို့၏ ဆုံးရှုံးနစ်နာခဲ့ရသော အမျိုးသားရေးဆိုင်ရာ လွတ်လပ်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့် စသည့် အခွင့်အရေးများကို ပြန်လည်ရရှိရန်အတွက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှစတင်၍ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို စတင်လျှောက်လှမ်းခဲ့သည်ဟု သိရသည်။

February 3, 2026
လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ချင်းပြည်နယ်တွင် စစ်အာဏာသိမ်း ၅ နှစ်တာအတွင်း ချင်းလူမျိုး...
February 2, 2026
ချင်းပြည်သူများ၊ ချင်းတော်လှန်ရေး အင်အားစုများနှင့် လက်တွဲပြီး ချင်းအမျိုးသားတည်ဆောက်ရေး၊...
January 31, 2026
အာဏာသိမ်းစစ်ကော်မရှင်က ဒီဇင်ဘာလ နှင့် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲများသည်...
January 29, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ထိုးစစ်ဆင်နေသော စစ်ကြောင်းများအတွက်...