နိုင်ငံ့လူဦးရေ၏ အများစုသည် မိမိတို့ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှုမရှိသည့်အတွက် ဆင်းရဲမွဲတေမှု များပြားကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဖေဖော်ဝါရီ ၃ ရက်က စစ်ခေါင်းဆောင်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိများနှင့် သင်တန်းသားအရာရှိများအား အမှာစကားပြောရာတွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၄ ရက်) ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။
“ဆင်းရဲမွဲတေမှုများ ရှိနေသမျှ ကာလပတ်လုံး ပုဂ္ဂိုလ်ရေးခံစားချက်တွေရှိပြီး မနာလိုခြင်း၊ မကျေနပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံမတည်ငြိမ်မှုဖြစ်စဉ်များသည် ပညာရေးဆိုင်ရာအားနည်းချက်ကြောင့်ဖြစ်သည်ကို တွေ့ရကြောင်း” ဟု စစ်ခေါင်းဆောင်က ပြောသည်။
နိုင်ငံတိုးတက်ရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍမြင့်မားနေရန်လိုသည်ဟုလည်း သူက ဆိုသည်။
ထို့ပြင် ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် ဖော်ပြချက်များအရ အချို့ရုပ်ရှင်ရုံများတွင် နိုင်ငံတော်အလံကို အလေးမပြုကြသူများနှင့် နိုင်ငံတော်သီချင်း မဆိုကြသူများပင်ရှိပြီး နိုင်ငံသားများ တိုင်းချစ်ပြည်ချစ်စိတ်အားနည်းနေကြောင်း၊ နိုင်ငံ့ဝန်ထမ်းအချို့ စီးပွားရေး၊ နိုင်ငံရေးတို့နှင့် ပတ်သက်ပြီး မသမာမှုများ ဆောင်ရွက်ခဲ့ကြပြီး ယင်းမှာလည်း တိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်းကြောင့်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသည်။
ဝန်ထမ်းများ ဝင်ငွေ၊ ထွက်ငွေညီမျှအောင် သုံးစွဲတတ်ရန်လိုပြီး လိုအပ်သည်ထက်ပိုမို၍ ငွေကြေးများရအောင် ဆောင်ရွက်မှုများရှိသည့်အတွက် အချို့ဝန်ထမ်းများကို အရေးယူခဲ့ရခြင်းများရှိကြောင်းလည်း စစ်ခေါင်းဆောင်က ပြောသည်။
အာဏာသိမ်းမှုကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar)၏ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် “ရန်ကုန်မြို့ပြဆင်းရဲနွမ်းပါးမှုအား လှစ်ဟသုံးသပ်ခြင်း” အစီရင်ခံစာတွင် စီးပွားရေးအရ အချက်အချာကျသည့် ရန်ကုန်မြို့သည် အာဏာသိမ်းကာလအတွင်း ကြောက်မက်ဖွယ်မြင့်တက်လာနေသည့် မြို့ပြဆင်းရဲနွမ်းပါးမှုဒဏ်ကို အံတုနေရပြီး ပဋိပက္ခများနှင့် စီးပွားရေးကျပ်တည်းပြိုလဲမှုများကြောင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများ ခိုလှုံရာအဖြစ်ရွေးချယ်လေ့ရှိသည့် ဆင်ခြေဖုံးမြို့နယ်များတွင် အများဆုံးကြုံတွေ့နေရကြောင်း ဖော်ပြခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ ဆင်းရဲနွမ်းပါးသူများအဖြစ်ရှိနေခဲ့ပြီး အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်အရောက်တွင် ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကာ ဆင်းရဲနွမ်းပါးသူများ၏ ဆင်းရဲတွင်းကလည်း နက်သည်ထက် ပိုနက်လာနေကြောင်း အဆိုပါ အစီရင်ခံစာတွင် ပြောထားသည်။
ထို့ပြင် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတပုံကျော်ဖြစ်သည့် အသက် ၁၅ နှစ်မှ ၃၅ နှစ်အရွယ် လူငယ်များသည်လည်း ပညာရေးနှင့် အလုပ်အကိုင်အတွက် မကြုံစဖူးစိန်ခေါ်မှုများရင်ဆိုင်နေရပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနှင့် လူမှုရေးပြဿနာများတွင် လူငယ်များ၏ သင်ယူမှုနှင့် အလုပ်အကိုင်ရရှိမှု လမ်းကြောင်းများ ဆိုးရွားစွာယိုယွင်းလာနေကြောင်းလည်း UNDP Myanmar က ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလည်း ပြန်လည်ထွက်ခွာသွားကာ ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ လေးပုံသုံးပုံခန့် ထိုးဆိုက်ကျဆင်းသွားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar)ကလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။







