စစ်ကော်မရှင်ရဲ့ ကန့်ကွက်မှုများရှိနေသော်လည်း အရှေ့တီမောတရားရုံးက CHRO ရဲ့ တရားစွဲဆိုမှုကို စတင်လက်ခံ

စစ်ကော်မရှင်ရဲ့ ကန့်ကွက်မှုများရှိနေသော်လည်း အရှေ့တီမောတရားရုံးက CHRO ရဲ့ တရားစွဲဆိုမှုကို စတင်လက်ခံ

အာဏာသိမ်းမြန်မာစစ်ကော်မရှင်ဘက်က အရှေ့တီမော (Timor Leste)နိုင်ငံ သံအမတ်ကို ခေါ်ယူသတိပေးတာမျိုးတွေ ရှိနေပေမဲ့ Timor Leste တရားစီရင်ရေး အာဏာပိုင်တွေကတော့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တင်သွင်းတဲ့ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်အပါအ၀င် မြန်မာစစ်ကော်မရှင်ထိပ်တန်းအဖွဲ့ဝင် ၁၀ ဦးကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုထားမှုကို စတင်လက်ခံလိုက်ပြီဖြစ်ပါတယ်။

အရှေ့တီမော (Timor Leste) တရားရုံးရဲ့ အမှုလက်ခံတာနဲ့ပတ်သက်ပြီး မြန်မာစစ်ကော်မရှင်ကို တရားဥပဒေကြောင်းအရ အရေးယူနိုင်ဖို့အတွက် လုပ်ဆောင်နေတဲ့ အမှုတွေကို ပံ့ပိုးကူညီပေးနေတဲ့ အဖွဲ့အစည်း (MAP) နဲ့ CHRO က ဖေဖော်၀ါရီ ၂ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ထားတာဖြစ်ပြီး အခုလို Timor Leste တရားရုံးက လက်ခံလိုက်တဲ့ယခု အမှုဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ အချင်းချင်းကြားမှာ ပထမဆုံးအကြိမ် တရားစွဲဆိုတဲ့အမှုဖြစ်ပါတယ်။

CHRO တင်သွင်းတဲ့ အမှုထဲမှာ ၇ လသား ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ခင်ပွန်းဖြစ်သူရဲ့ ရှေ့မှာတင် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်ခဲ့တဲ့ အထောက်အထားတွေနဲ့အတူ သတင်းထောက်တစ်ဦးနဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၁၀ ဦးကို လက်ပြန်ကြိုးတုပ်ပြီး လည်လှီးသတ်ဖြတ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပါဝင်နေပါတယ်။

ဒါ့အပြင် ခရစ်ယာန် သိက္ခာတော်ရဆရာတော်တစ်ဦးနဲ့ သတင်းထောက် ၃ ဦးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာတွေကိုလည်း ခိုင်လုံတဲ့ သက်သေတွေနဲ့အတူ တင်ပြထားတာ ဖြစ်ပါတယ်။

အခြားသော ရာဇဝတ်မှုဆိုင်ရာ အချက်အလက်တွေအနေနဲ့ ဆေးရုံတစ်ခုကို နိုင်ငံတကာဥပဒေတွေနဲ့ ဆန့်ကျင်ပြီး လေကြောင်းကနေ အချိုးအစားမမျှဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၄ ဦးနဲ့ လူနာ ၄ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေကိုလည်း ဖော်ပြထားပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အရပ်သား အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဆက်တိုက် တိုက်ခိုက်ခဲ့မှုတွေဟာလည်း နိုင်ငံတကာဥပဒေအရ အကာအကွယ်ပေးထားတဲ့ နေရာတွေကို ကျူးလွန်ခဲ့တာဖြစ်ကြောင်း အမှုတွဲမှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

CHRO ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်က အခုလို Timor Leste ရဲ့ ဆောင်ရွက်ချက်ကို ကြိုဆိုလိုက်ပြီး ချင်းပြည်သူတွေနဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှုရဖို့ Timor Leste အာဏာပိုင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Timor Leste ဟာ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ရတဲ့ သမိုင်းကြောင်းကြောင့် မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေအပေါ်မှာ အပြည့်အဝ စာနာနားလည်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Timor Leste ဘက်က ရှေ့နေ Jose Teixeira ကလည်း ဥပဒေစိုးမိုးရေးဟာ သူတို့နိုင်ငံအတွက် ဦးစားပေးကိစ္စဖြစ်ပြီး Timor Leste တရားစီရင်ရေးရဲ့ လွတ်လပ်မှုကို လေးစားဖို့နဲ့ မြန်မာစစ်ကော်မရှင်အပါအဝင် ဘယ်ပြင်ပအင်အားစုရဲ့ နှောင့်ယှက်မှုကိုမဆို လက်ခံမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။

ဒီတရားစွဲဆိုမှုဟာ စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်တဲ့အချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပြီး လက်ရှိမှာ စစ်ကော်မရှင်ဟာ နိုင်ငံရဲ့ နယ်မြေ ၄၀ ရာခိုင်နှုန်းလောက်ကိုပဲ ထိန်းချုပ်ထားနိုင်တော့သလို နိုင်ငံတကာ နယ်စပ်လမ်းကြောင်း အများအပြားကိုလည်း လက်လွှတ်ထားရတာ ဖြစ်ပါတယ်။

နိုင်ငံတကာက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုကို ကန့်ကွက်နေချိန်မှာ အခုလို Timor Leste ရဲ့ တရားဥပဒေအရ ဆောင်ရွက်ချက်ဟာ မြန်မာပြည်သူတွေအတွက် တရားမျှတမှုရဖို့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Most read this week

February 23, 2026
ဇိုမီးအမျိုးသားနေ့၊ ခွာဒိုပွဲအစရှိသော နေ့ထူးနေ့မြတ်များအား ကျင်းပနိုင်ရေးနှင့် စာပေ၊...
February 20, 2026
ချင်းလဲန်ပြည်သူများအနေဖြင့် ချင်းအမျိုးသားနေ့ ကျင်းပရခြင်း၏ အနှစ်သာရဖြစ်တဲ့ “ ချင်းတမျိုးသားလုံး...
February 19, 2026
စစ်ကိုင်းတိုင်း၊ တမူးခရိုင်တောင်ပိုင်းက ကျေးရွာတချို့မှာ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG)...
February 18, 2026
အိန္ဒိယ - ပလက်ဝ(မြန်မာ)နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ၂ လအကြာ ပိတ်ထား တဲ့အတောအတွင်း...