သဉ္ဇာနွယ် — အကျအဆုံးများနေသည့်ကျောက်ဖြူစစ်မြေပြင်သို့ နောက်ထပ် စစ်ကူအင်အား ၄၀၀ ခန့်ကို စစ်ကော်မရှင်မှ ဇန်နဝါရီ ၃၀ ရက်နေ့က ထပ်မံ ပို့ဆောင်လာသည်ဟု သတင်းရရှိသည်။
ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ ကျောက်ဖြူမှာတိုက်ပွဲတွေကပြင်းထန်လျက်ရှိနေပါတယ်။ စစ်တပ်က အကျအဆုံး များပြားနေတဲ့အတွက် အင်အားတစ်သုတ်ပြီးတစ်သုတ်ဖြင့် ဖြည့်တင်းနေရတယ်။ အခုလည်း အကျအဆုံးများလို့ ဇန်နဝါရီ ၃၀ နေ့က စစ်ကူအင်အားနောက်ထပ် ၄၀၀ ခန့် ထပ်ပို့ရတယ်လို့ သတင်းရရှိပါတယ်”ဟု နိရဉ္စရာကို ပြောသည်။
၎င်းစစ်သားများကို ဇန်နဝါရီ ၃၀ ရက်နေ့ညအချိန်က နေဗီများဖြင့်သယ်ယူလာပြီး ဓညဝတီရေတပ်ဌာနချုပ်နှင့် ခလရ(၃၄)ကိုပို့ဆောင်ခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးကနိရဉ္စရာကို ပြောသည်။
" ဓညဝတီရေတပ်ကို ၂၀၀ ပို့တယ်။ ခလရ(၃၄)ဖက်ကို ၂၀၀ လောက် ခွဲပြီးပို့တယ်။ ပြည်မဖက်ကလာတဲ့စစ်သားတွေ။ နေဗီ ၂ စီးနဲ့ ဆိပ်ကမ်းကတင်တာ။ ပြည်သူ့စစ်သင်တန်းဆင်းခါစတွေ အများကြီးပါတယ် " ဟု ပြောသည်။
ကျောက်ဖြူမြို့ပြင်နေရာ ၄ ခုထက်မနည်းတွင်တိုက်ပွဲပြင်းထန်လျက်ရှိပြီး အာရက္ခတပ်တော်မှစစ်ရေးဗျူဟာအသာစီးဖြင့် စစ်ကစားပြီး တိုက်ခိုက်နေမှုကြောင့် ဇန်နဝါရီ နောက်ဆုံးပတ်ကစပြီးစစ်တပ်က ရာနှင့်ချီကျဆုံးလျက်ရှိနေကာ တချို့နေရာများတွင် စစ်သားအလောင်းများပင်ဆွဲမထုတ်နိုင်ဘဲ ပြန့်ကြဲလျက်ရှိသည်ဟု နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" ဇန်နဝါရီနောက်ဆုံးပတ်ကဆိုရင် သူတို့ ထိုးလာသမျှစစ်ကြောင်းကို AA က ထွက်ပြီးတိုက်လို့ သေတာတွေပုံနေတာပဲ။ သူတို့ဖက်က ဒရုန်းတွေ၊ ပါရာမိုတာတွေကနေ နောက်ကစစ်ကူလာပြီးတိုက်တဲ့အချိန်ဆို AA က အဲဒီနေရာမှာ မရှိတော့ဘူး။ ဒါကြောင့် စစ်တပ်ကအရပ်သားနေတဲ့ရွာတွေကို လက်နက်နဲ့ပစ်တယ်" ဟု ပြောသည်။
လက်ရှိတွင် သိုင်းချောင်းဆည်နှင့် မင်းပြင်ရေဒါစခန်းမှာ (AA) ၏ ပိတ်ဆို့ခြင်းကိုခံထားရပြီး အဆိုပါ စခန်းများကိုစစ်ကြောင်းထိုးလာသည့် စစ်ကြောင်းများလည်း (AA)ထံ တိုက်ခိုက်ခံရပြီးစနိုက်ဘာများဖြင့်လည်း ပစ်ခတ်ခံနေရသည်ဟု ၎င်းကနိရဉ္စရာ ကိုပြောသည်။
" အခုအချိန်တော့ သိုင်းချောင်းဆည်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေနဲ့ မင်းပြင်ရေဒါစခန်းမှာရှိတဲ့ စစ်သားတွေကို AA က ပိတ်ဆို့ထားတယ်။ လာသမျှစစ်ကူတွေလည်း အတိုက်ခံရတယ်။ အဲ့ဒီစခန်းမှာရှိတဲ့ စစ်သားတွေလည်း စနိုက်ဘာနဲ့အပစ်ခံထားရတယ်။ စစ်တပ်က ကြည်း၊ ရေ၊ လေသုံးမျိုးနဲ့တိုက်နေတယ်" ဟု ပြောသည်။
လက်ရှိ ကျောက်ဖြူတွင် သစ်ပုတ် တောင်တိုက်နယ် ကုလာဘာ၊ ဒိုးမတောင်ပတ်ဝန်းကျင်၊စည်မော်၊ သိုင်းချောင်း၊မင်းပြင်ပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်းများမှာလည်း (AA)ထံတိုက်ခိုက်ခံနေရခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ဇန်နဝါရီလ ၈ ရက်ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ်နှင့်အမှတ်(၃၂)ရဲတပ်ရင်းတို့မှ ပူးပေါင်း၍ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ခန့်ပါစစ်ကြောင်းသည် သစ်ပုတ်တောင်တိုက်နယ် ဒိုးမတောင်၊ ဦးဂင်းဝန်းကျင်၌ AA ၏ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံရ၍ ဗိုလ်အဆင့်အပါအဝင် စစ်ကြောင်းပါအင်အားထက်ဝက်ခန့်ကျသွားခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ကျောက်ဖြူမြို့မြို့ပြင်တွင်တည်ရှိသည့် အမှတ်(၃၂)ရဲတပ်ရင်းနှင့် သစ်ပုတ်တောင်တိုက်နယ်အနီးတွင်ထောက်ပို့လုပ်ပြီး ကင်းလှည့်နေသော စစ်ကြောင်းများကို AA ကပြောက်ကျားစနစ်ကိုအခြေခံသည့် နည်းဗျူဟာအသစ်တို့ဖြင့် တိုက်ခိုက်နေသည့်အတွက် စစ်တပ်ဘက်က အသေအပျောက်များနေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်များက ပြောကြားသည်။
စစ်ကော်မရှင်စစ်ကြောင်းများသည် AA ထံ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံလာရပြီး အကျအဆုံးများလာရသည့်အတွက်စစ်ကော်မရှင်ဘက်မှ လက်နက်ကြီး၊ ဒရုန်း၊ နေဗီများက AA ရှိနိုင်သည့်နေရာများကိုမှန်းဆကာ နေ့စဉ် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ နောက်ဆုံးပတ်ကလည်း စစ်ကော်မရှင် စစ်အုပ်စု၏ တပ်မ (၁၁)မှအင်အား ၅၀၀ ခန့်ကို ရေကြောင်းကနေ ကျောက်ဖြူကိုပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ ဗိုလ်ကြီးဇင်ယော်၏ စစ်ရေးသတင်း သုံးသပ်တင်ပြချက်တွင် ဖော်ပြထားသည်။







