WLB က ၂၀၂၅ ခုနှစ်အတွင်း မှတ်တမ်းတင်ထားတဲ့အကြမ်းဖက်မှုဖြစ်စဉ် ၂၀၉ ခုထဲမှာ အဓမ္မပြုကျင့်မှု ၂၈ မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု ၃၆ မှုတို့ ပါဝင်နေပြီး ဒါတွေဟာ ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းက ပဋိပက္ခဒေသတွေမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁ ရက်မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB က ထုတ်ပြန်ပါတယ်။
WLB ရဲ့ “Looking Back on 2025” အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်အတွင်း မှတ်တမ်းတင်ရရှိတဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုဖြစ်စဉ် ၂၀၉ ခုထဲမှာ အိမ်တွင်းအကြမ်းဖက်မှု ၁၄၅ မှုနဲ့အတူ အဓမ္မပြုကျင့်မှု ၂၈ မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု ၃၆ မှုတို့က အဓိက အချိုးအစားအဖြစ် ပါဝင်နေပါတယ် ။
အဲဒီအပြင် လူကုန်ကူးမှု ၆ မှု၊ အဓမ္မလက်ထပ်ခိုင်းမှု ၂ မှုနဲ့ အွန်လိုင်းပေါ်ကနေ နှောင့်ယှက်စော်ကားမှု (Cyber Bullying) ၁ မှုတို့ကိုလည်း WLBက မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။ အဆိုပါဖြစ်စဉ်တွေဟာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နိုင်ငံရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုနက်ရှိုင်းလာတာနဲ့အမျှ အမျိုးသမီးတွေအပေါ် ဆိုးရွားစွာ သက်ရောက်နေတာ ဖြစ်ပါတယ် ။
အခုလို အကြမ်းဖက်မှုတွေကြားကနေ လွတ်မြောက်လာခဲ့တဲ့ အမျိုးသမီးပေါင်း ၁,၂၁၂ ဦးကို WLB နဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတွေက ချင်းပြည်နယ်အပါအဝင် စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ မွန်၊ ရှမ်းပြည်နယ်နဲ့ ထိုင်း-မြန်မာနယ်စပ် ဒေသတွေမှာ ပံ့ပိုးကူညီမှုတွေ ပေးအပ်နိုင်ခဲ့ပြီး မြေပြင်မှာ အလုပ်လုပ်နေကြတဲ့ အဖွဲ့အစည်းတွေဟာ လုံခြုံရေး၊ ဘဏ္ဍာရေးနဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အခက်အခဲတွေ အလွန်ကြီးမားနေတဲ့ကြားကနေ ဒီကူညီမှုတွေကို ဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်တယ်လို့ WLB ရဲ့အစီအရင်ခံစာမှာဖော်ပြပါတယ်။
အစီအရင်ခံစာမှာ အမျိုးသမီးများအဖွဲ့ချုပ်အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ဘေးရှောင် (IDP) ပေါင်း ၅၄,၃၁၁ ဦးထက်မနည်းကိုလည်း ပံ့ပိုးမှုတွေ ပေးခဲ့ကြောင်း၊ အဲဒီအထဲမှာ အမျိုးသမီး ၃၁,၃၈၂ ဦးကျော်နဲ့ အမျိုးသား ၂၂,၉၂၉ ဦးကျော် ပါဝင်နေသလို ၊ ကချင်၊ ကရင်နီနဲ့ အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ်အတွင်းရောက်ရှိနေတဲ့ အမျိုးသမီး CDM ဝန်ထမ်း ၁၀၈ ဦးကိုလည်း ကူညီပေးနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ၂၀၂၅ ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသူ ၁၀,၂၀၂ ဦးကိုလည်း အရေးပေါ် အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ WLB ရဲ့အစီရင်ခံစာအရ သိရပါတယ်။
WLB အနေနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုကို လက်မခံဖို့နဲ့ နိုင်ငံတကာ တရားစီရင်ရေးယန္တရားတွေကတစ်ဆင့် အပြစ်ပေးအရေးယူဖို့ကို အလေးအနက် တောင်းဆိုထားပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ်(WLB)ရဲ့ မူဝါဒရေးရာအဖွဲ့ဝင် Poe Dah ကတော့ "နိုင်ငံတကာရဲ့ ပြတ်သားတဲ့ လုပ်ဆောင်မှုနဲ့ ဒေသခံတွေအပေါ် ထောက်ခံမှုတွေ အမြန်ဆုံး မရှိဘူးဆိုရင် မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး အကျပ်အတည်းတွေက ပိုပြီး နက်ရှိုင်းလာမှာဖြစ်သလို သန်းနဲ့ချီတဲ့ အရပ်သားတွေအတွက်လည်း ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်" လို့ သတိပေး ပြောကြားထားပါတယ်။







