ပွိုင့် ၆၆၆ စခန်းကုန်းကို AA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များသိမ်းပိုက်

ပွိုင့် ၆၆၆ စခန်းကုန်းကို AA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များသိမ်းပိုက်

(စစ်ကော်မရှင်တပ်သားအများအပြား အကျအဆုံးများစွာဖြင့် စခန်းမှဆုတ်ခွာထွက်ပြေးသွား)

ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA)နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့မှ ပန်းတောင်းမြို့နယ်၊ ကပစ ၁၆ ကာကင်းစခန်းတခုဖြစ်သည့် ပွိုင့် ၆၆၆ စခန်းကုန်းကို ဇန်နဝါရီ ၂၈ ရက် ညနေ ၅ နာရီကျော်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့တွင် နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။

“အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြီးအကျယ် ခုခံကာကွယ်နေတဲ့ ကြားထဲက အာရက္ခစစ်သည်တော်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ရွပ်ရွပ်ချွန်ချွန်တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တာပါ။ အချိန်က ဒီလ ၂၈ ရက် ၅ နာရီ မိနစ် ၄၀ လောက်မှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ပွိုင့် ၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော် (AA)က အောက်တိုဘာလ ၁၄ ရက်နေ့၌ ပထမအကြိမ် သိမ်းပိုက်ခဲ့ပြီး AA က စစ်ရေးအခြေအနေနှင့် လေယာဉ်များဖြင့် ဗုံးကြဲမှုများကြောင့် စခန်းတွင် ရေရှည်မနေထိုင်ဘဲ ယာယီဆုတ်ပေးလိုက်စဉ် စစ်ကော်မရှင်တပ်က ပြန်လည် ဝင်ရောက် နေရာယူထားသော စခန်းကုန်းဖြစ်ကြောင်း သိရသည်။

“ ဒီစခန်းကို အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဝိုင်းရန်ပိတ်ဆို့ထားတာကြာပါပြီ။ ဒီတစ်ရက် နှစ်ရက်မှာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်တော့ စစ်ကော်မရှင်တပ်က အကျအဆုံး များစွာနဲ့ ထွက်ပြေးသွားခဲ့တယ်။ အလောင်းတချို့နဲ့ လက်နက်တွေအများအပြားကို သိမ်းဆည်းရမိတယ်။ ဒါပေမဲ့ စစ်သားတွေတချို့ကတော့ စခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်” ဟု ပြောသည်။

၎င်းပွိုင့် ၆၆၆ မှာ စခန်းကုန်းဟုဆိုသော်လည်း ရှည်လျားသော တောင်ကြောပေါ်တွင် တည်ဆောက်ထားသော အမာတည်ဆောက်ထားသော စခန်းတစ်ခုဖြစ်ပြီး ပြန့်ကြဲနေသော စစ်သားအလောင်းအချို့နှင့်  လက်နက်များကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

အတည်မပြုရသေးသော သတင်းများအရ အဆိုပါ စခန်းကုန်းတွင် စစ်ကော်မရှင်တပ်သား ၂၀၀ နှင့် ၃၀၀ အကြားတွင် ရှိနိုင်ပြီး အများစုမှာ ရှေ့တန်းစစ်မျက်နှာသို့ လိမ်လည်ပို့ဆောင်ခံရသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ ရရှိသော သတင်းများအရ စစ်ကော်မရှင်သည် ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်အနီးတွင် ရှိနေသော ၆၆၆ ပွိုင့်ကုန်းအပါအဝင်အနီးအနား နေရာအများအပြားကို တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

ယင်းပြင် ၆၆၆ ပွိုင့်ကုန်းမှထွက်ပြေးသွားသည့် စစ်သားများကို လိုက်လံရှင်းလင်း တိုက်ခိုက်နေရာမှ  တိုက်ပွဲများမှာလည်း ကပစ (၁၆) အနီးထိ ဖြစ်ပွားနေသည်ဟု သိရသည်။ 

Most read this week

စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...