ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်အနီး တိုက်ပွဲပြင်းထန်နေ

ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်အနီး တိုက်ပွဲပြင်းထန်နေ

သဉ္ဇာနွယ် — ရခိုင်ကမ်းရိုးတန်းတွင် အကြီးမားဆုံး ရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူအခြေစိုက် ဓည၀တီ ရေတပ်ဌာနချုပ်အနီးတွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကော်မရှင်တပ်တို့အကြား  တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး စစ်ကော်မရှင်က ကြည်း၊ ရေ၊ လေ အသုံးပြုကာ အဆိုပါ ရေတပ်ဌာနချုပ်အထိ တိုက်ပွဲများမရောက်လာရန်အတွက် အပြင်းအထန် ခုခံကာကွယ်နေသည်ဟု သတင်းရရှိသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက " သူထိုး၊ ကိုယ်ထိုးဖြစ်နေတာ။ တိုက်ပွဲပြင်းနေတယ်။ ဒရုန်း၊ စက်သေနတ်သံတွေကတော့ အခုထိပစ်တုန်း။ မြေပြင်အခြေအနေ ဘယ်သူသာလဲတော့ မသိရသေးဘူး " ဟု နိရဉ္စရာကို ပြောသည်။

လက်ရှိတိုက်ပွဲများမှ ပစ်ခတ်သံများကို ဓည၀တီရေတပ်စခန်းဘက်က အပြင်းအထန် ကြားနေရသော်လည်း AA က ဓည၀တီရေတပ်ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင် နေပြီလားဆိုသည်ကိုတော့ အတိအကျမပြောနိုင်သေးဟု ၎င်းက ပြောသည်။

စက်သေနတ်ပစ်ခတ်သံများ၊ လက်နက်ကြီးပစ်ခတ်သံများကို ယခင်နေ့များကထက် ပိုမို ပြင်းပြင်းထန်ထန်ကြားရပြီး လေယာဉ်များမှလည်း ဗုံးချသံ၊ နေဗီများက ပစ်ခတ်သံများကြောင့် ဒေသအတွင်းရှိ ပြည်သူများအနေဖြင့် အထူးထိတ်လန့် စိုးရိမ်နေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

" ဇန်နဝါရီ ၂၆ ရက်နေ့မှ ဇန်နဝါရီ ၂၇ နေ့ နေ့လယ်အထိ မနေ့ညကတစ်ညလုံးကြားရတယ်။ရေတပ်ရှိတဲ့ သစ်ပုတ်တောင်ဖက်က ကြားရတာ။ ဒီနေ့လည်း တမနက်လုံး ပစ်သံကြား‌နေရတယ်။ အခုလည်း ပစ်တုန်း။ နေဗီကနေလည်း တစ်ခါပစ်ရင် သုံးလေးလုံးထွက်သလိုမျိုး ပစ်သံတွေကို ဆက်တိုက်ကြားရတယ်" ဟု ပြောသည်။

နေရာအများအပြားမှပစ်ခတ်သံများကို ကြားနေရပြီး စိုင်ခြုံဒွိန်ဘက် ရေပြင်တွင် ရပ်နားထားသည့် နေဗီမှလည်း လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်လျက်ရှိသည်ဟု ကျောက်ဖြူ စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။  

“ ဓညဝတီရေတပ်ဌာနချုပ်ပတ်ဝန်းကျင်အနီးထိ တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲပြင်းနေတယ်။ဓညဝတီရေတပ်ဌာနချုပ်ပတ်ဝန်းကျင်အနီးအပြင် ဒိုးမတောင်၊ ကုလာဘာနဲ့သိုင်းချောင်းပတ်ဝန်းကျင်တို့ကလည်း သေနတ်ပစ်ခတ်သံတွေကို အပြင်းအထန်ကြားရတယ်။ ထိတွေ့ တိုက်ပွဲပြင်းလျက်ရှိနေပါတယ်”ဟု ပြောသည်။

စစ်ကော်မရှင်၏အဓိက စစ်စခန်းကြီးများ တည်ရှိရာ နေရာအနီးဝန်းကျင်ထိ တိုက်ပွဲများပြင်းနေသည့်အတွက်အကြမ်းဖက် မြန်မာလေတပ်ကလည်း တိုက်ပွဲနှင့် မသက်ဆိုင်သည့် လူနေကျေးရွာများကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသည်ဟု ဆိုသည်။

ဒေသခံတစ်ဦးက  “ ကုလာဘာတဖက်ကမ်းရှိ ဝါးတောကျေးရွာအပါအဝင် သစ်ပုတ်တောင်တိုက်နယ်၊ဇင်ချောင်းတိုက်နယ်မှ  ကျေးရွာတချို့ကို ဒီကနေ့မှာ နေဗီ ၊ ဒရုန်း၊ Y-12တွေနဲ့ ဗုံးကြဲတိုက်ခိုက်လျက်ရှိနေပါတယ်။ စစ်ဘေးရှောင်ရှိတဲ့နေရာတွေရွာတွေဖက်ကိုနေဗီကနေပစ်တာတွေ ဒရုန်းနဲ့ပစ်တာတွေလုပ်နေတယ်အခု။ ဝါးတောဖက်ကိုလည်း Y-12နဲ့ကြဲနေတယ်။ပစ်‌ နေတုန်းမို့ အထိခိုက်မသိရသေးဘူး" ဟု နိရဉ္စရာကိုပြောသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများရှိသည့်နေရာများကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းဗုံးများဖြင့်တိုက်ခိုက်ခြင်းတို့အား ဆက်တိုက်ပြုလုပ်ပြီး  ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်း အရပ်သားပြည်သူ    ငါးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားသည်။

Most read this week

February 17, 2026
ခိုင်လူလှ (ရိုးမမြေ) —အာရက္ခတပ်တော်  ( AA)မှ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၇၃ ဦးကို...
February 16, 2026
ကျော်သီဟ — ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့တွင် နီးပါးဗိုင်းရပ်စ်ကြောင့်...
February 13, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့တို့ ယမန်နေ့တစ်ညတည်းတွင်...
February 12, 2026
(တိုက်ပွဲများအတွင်း စစ်တပ်မှ (၉၆) ဦးသေဆုံး၊ (၃၈) ဦး ထိခိုက်ဒဏ်ရာရကာ စစ်တပ်အဖွဲ့ဝင်ပေါင်း (၁၀၁)...