ယနေ့ … ဈေးနေ့ … ဖြစ်သည်

ယနေ့ … ဈေးနေ့ … ဖြစ်သည်

ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့် အသံများကိုတော့ ကြားနေရသည်။ အနီးရောက်မှ ဖြတ်ကနဲ ဝင်လာသည့် လူတစ်ယောက်ကို ကျွမ်းကျင်စွာ ရှောင်လိုက်နိုင်သည်။

အားလုံးက ဒီအခြေအနေကို ကျင့်သားရနေကြပြီပဲ ဖြစ်သည်။

မနက် ၃ နာရီခန့်ကတည်းက ဈေးထဲ ရောက်နေပြီ ဖြစ်ကြသည်။ မကြာခင် လာယူတော့မည့် ဆိုင်ကယ်စီး ဈေးဖောက်သည်တွေအတွက် ပစ္စည်းတွေကို ကြိုတင်ထုပ်ပိုးဖို့ ဒီအချိန်သည် အကောင်းဆုံး အချိန်လည်း ဖြစ်သည်။

ဆိုင်ကယ်ဈေးသည်တွေက မနက် ၄ နာရီလောက်ဆို ရောက်လာတတ်သည်။ တစ်ဈေးလုံး ပတ်သွားတတ်ပြီး သူတို့ သဘောကျတဲ့ ပစ္စည်း ရောင်းရသည့် ကုန်အများစုကို လိုက်လံ ဝယ်ယူတတ်သည်။

“ဟေ့ … အရမ်း မစစ်နဲ့တော့ … ငါတို့ ရောင်းနိုင်တဲ့ဈေး အဲ့ဒါ အကုန်ပဲ …” ဟု ချဉ်စော်ခါးသီးများကို တစ်လုံးချင်း ကောက်ထည့်နေရင်း ပြောလိုက်သည့် တအာင်း (ပလောင်)စျေးသည်၏ ဗမာသံ ဝဲသဲသဲမှာ အသံပီပီသသဖြင့် တိတ်ဆိတ်စွာ အဆက်မပြတ် လုပ်ကိုင်နေကြသည့် ပတ်ဝန်းကျင်ကို ပြုံးစိစိ ဖြစ်စေပြီး မနက်ခင်း အစ,သည် လှုပ်လှုပ်ရှားရှား အသက်ဝင်လာလေသည်။

ငှက်ပျောသီးနှင့် ကောက်ညှင်းကို ကြိတ်ပြီး အလုံးလေးတွေ ကြော်ထားသည့် ငှက်ပျောသီးကြော်ကို ဈေးဝယ်များ တော်တော် ကြိုက်ကြသည်။ ၃ လုံး ၅၀၀ ကျပ် တစ်ထုပ်ကို အများကြီး ထုပ်ပေးရတာကို တွေ့သည်။

ပဲပေါင်း ပူပူလေးကိုလည်း ထုပ်ရသည်။ ပေါက်စီ ပူပူလောင်လောင်ကို ငရုတ်သီး ကြက်သွန်ဖြူ ဆီချက်ကြော်နှင့် တွဲစားရသည်ကိုလည်း ကြိုက်ပုံရသည်။ တစ်ခါတစ်ခါ ဆိုင်ကယ်ဈေးသည် တစ်ဦးလျှင် ၁၀ ထုပ်ခန့် ထုပ်သွားတတ်သည်။

ဒီနေ့လို အချိန်ဆို ဈေးထဲမှာ အမဲနံတုံ ဝက်နံတုံ ရောင်းသည့် ဈေးသည်ကို တွေ့ရတတ်သည်။ လင်ဗန်းထဲမှာ အညိုရောင် တုန်တုန်အိအိ အချပ်လိုက် အစိမ်းရောင်နံနံပင် အနီရောင် ငရုတ်သီးတွေနှင့် လှနေသည်။ ရောင်းသူ ရှားတော့ ဆိုင်ကယ်ဈေးသည်တွေ အလုအယက် ဝယ်ကြသည်။

ဒီအချိန်ဆို ပေါများသည့် တစ်ထွာကျော်ကျော် ကန်စွန်းဥ ကြီးကြီးတွေကို တွေ့ရသည်။ အစေ့ပြည့် အဆံပြည့် အဖူးကြီးကြီး ပြောင်းဖူးတွေကို တွေ့ရသည်။ ပိန်းဥလုံးကြီးတွေကို တွေ့ရသည်။ စိမ်းစိမ်းဖားဖား ရှိနေတဲ့ မုန်ညှင်း အမျိုးအစား အစုံတွေကို တွေ့ရသည်။

ရေနွေးဆူဆူထဲ ခရမ်းချဉ်သီး ကြက်သွန်နီ ပဲပုပ်မှုန့်ထည့် မုန်ညှင်းခပ်စားရသည့် ခပ်မြန်မြန် ဟင်းချိုတစ်ခွက်က အိမ်တိုင်လိုလို မပါမဖြစ် … ရာသီဥတု အေးအေးနှင့် ဒီလို အချိန်ဆို အိမ်တိုင်းလိုလို အငွေ့တထောင်းထောင်း ပဲပုပ်နံ့ သင်းနေသည့် မုန်ညှင်းဟင်းချို တစ်ခွက်ကို ချက်စားတတ်ကြသည် မဟုတ်လား … ။

ဝက်ရိုးနှင့် မုန်ညှင်းရိုးတံ စိမ်းစိမ်းတွေကို တစ်ညလုံး မီးအေးအေးနှင့် နှပ်ထားပြီး၊ ရိတ်ရိတ်လေး လှီးထားသည့် နံနံပင်နှင့် ငရုတ်သီးကို စားခါနီးမှ ထည့်စားရသော၊ ထန်းလျက်ရဲ့ ခပ်ချိုချို၊ မန်ကျည်းသီးရဲ့ ခပ်ချဉ်ချဉ် အရသာတို့က လျှာဖျားပေါ် စိမ့်ဝင်လာသည်။

“မုန့်ညှင်းစော ၅ ထုပ်၊ မျှစ်ဟင်း ၅ ထုပ်၊ ဝဥဟင်း ၁၀ ထုပ်၊ ဝက်မုန်ညှင်းချဉ်ကြော် ၁၀ ထုပ် ထည့်ပေး … မုန်ညှင်းစောက အောက်ပြည်က လာတဲ့သူတွေ စားကြတယ် … ပြီးတော့ မုန်ညှင်းပေါင်းထုပ်လည်း ကျန်သေးတယ်မလား …” ဆိုတဲ့ ဆိုင်ကယ်ဈေးသည်နှင့် ဟင်းရောင်းသူတို့၏ စကားပြောသံမှာ ရယ်ရယ် မောမောနှင့် … ဟင်းရောင်းသူ၏ လက်မှာတော့ အိုးစည်တီးသလို သွက်လက်လှသည် ခပ်မြန်မြန်ပင် …။

ငှက်ပျောရွက်နှင့် တစ်ထပ်စီ ခင်းထားတဲ့ ခေါပုတ်ထောင်း နွေးနွေးအိအိ အချပ်တွေက အငွေ့ မသေသေး … ဈေးသည်တွေ အလုအယက် ကြွပ်ကြွပ်အိတ်ထဲ အလျင်အမြန် ထည့်လိုက်ချီလိုက်ဖြင့် ခပ်သွက်သွက် လှုပ်ရှားလျှက် ရှိကြသည်။

ယနေ့သည် … ဈေးနေ့ … ဖြစ်သည်။

ဈေးသည် ဒေသတစ်ခု၏ သက်ရှိပြတိုက် ဖြစ်သည်။ ဈေးသည် အုတ်နံရံနှင့် အမိုးအကာများဖြင့် ဖွဲ့စည်းထားသော အဆောက်အဦ တစ်ခုမျှသာ မဟုတ်ပါ။ ဒေသခံတို့၏ ရိုးရာအငွေ့အသက်များကို မြင်ရသည်၊ ယဉ်ကျေးမှုများကို မြင်ရသည်။ ပြုမှုလှုပ်ရှားပုံများကို မြင်ရသည်၊ ဓလေ့များ ကို မြင်ရသည်။

ဈေးထဲတွင် ဒေသတစ်ခု၏ ထုတ်ကုန် အများအပြားကို မြင်ရသည်။ တောင်ပေါ် မြေပြန့်မှ လူမျိုးပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံကို တစ်နေရာတည်းမှာ စုစည်းပေးထားသည့် “ယဉ်ကျေးမှု ဗဟိုချက်မ” တစ်ခုလည်း ဖြစ်သည်။

ဈေးသည် လူပေါင်းများစွာ၏ ဘဝများကို ချည်နှောင်ထားသော နေရာတစ်ခု ဖြစ်သည်။ ဈေး၏ ဖြစ်တည်မှုသည် ကုန်ပစ္စည်းများ အရောင်းအဝယ် ပြုလုပ်ရုံသက်သက်ဖြင့် ရှင်သန်နေခြင်း မဟုတ်ဘဲ လူတို့၏ “ယုံကြည်မှု၊ ရိုးသားမှုနှင့် အပြန်အလှန် အမှီသဟဲပြုမှု” ဆိုသည့် အခြေခံအုတ်မြစ်များပေါ်တွင် ရှင်သန်နေခြင်း ဖြစ်သည်။

ဒေသခံများအတွက်မူ ဈေးသည် ဘဝ၏ လုံခြုံရာအရပ် ဖြစ်သည်။ ဈေးထဲတွင် လူတို့သည် ပစ္စည်းတင် ရောင်းကြသည်မဟုတ်၊ သူတို့၏ နာကျင်မှု၊ ပျော်ရွှင်မှုနှင့် သတင်းစကားများကိုပါ မျှဝေကြခြင်း ဖြစ်သည်။ ဈေးသည် လူထု၏ “မှတ်ဉာဏ်” များ စုဝေးရာ သိုလှောင်ရုံကြီး တစ်ခုသဖွယ် ဖြစ်တည် ရှင်သန်လာခဲ့သည်။

ပဲပုပ်နံ့သင်းသည့် မုန့်ညှင်းဟင်းရည်တို့သည် ရိုးရှင်းသော အစားအစာများ မဟုတ်ဘဲ ဒေသတစ်ခု၏ “အမှတ်သညာ”များ ဖြစ်ကြသည်။ ဤအမှတ်သညာများ၊ အလေ့အထများ စုစည်းမိသည့် အခါမှသာ “ဈေး”ဆိုသည့် သက်ရှိသဏ္ဍာန် ရပ်ဝန်းတစ်ခု ဖြစ်တည်လာရခြင်း ဖြစ်သည်။

မရပ်မနားသော တိုက်ပွဲများကြောင့် ထိုဈေးနေ့များ ကွယ်ပျောက်လုနီးပါး ဖြစ်သွားခြင်းသည် ဒေသခံတို့၏ ဘဝကို အမှောင်ဖုံးသွားစေသည့် အဓိက အကြောင်းရင်း ဖြစ်လာသည်။

ဈေးဖိတ်နေ့ … ဈေးနေ့ … ဈေးလွန်တစ်ရက် … ဈေးလွန်နှစ်ရက် … စသည်ဖြင့် ငါးရက်တစ်ဈေး အလှည့်ကျ တစ်နှစ်ပတ်လုံး လည်ပတ်နေခဲ့သည့် တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများအတွက် ဈေးနေ့သည် ရိက္ခာဝယ်ယူရာ နေရာတစ်ခုထက် ပို၍ ဒေသတစ်ခုလုံး၏ “အသက်သွေးကြော”ပမာ အရေးပါလှသည်။

ဈေးနေ့များ မရှိတော့သည့်အခါ ဝေးလံသော တောင်ပေါ်ရွာများအတွက် တစ်ပတ်စာ ရိက္ခာကွင်းဆက်သည် ရုတ်ချည်း ပြတ်တောက်သွားရသည်။

ဆားတစ်ထုပ်၊ ဆီတစ်ပုလင်း ရဖို့ပင် ခက်ခဲလာပြီး ငတ်မွတ် ခေါင်းပါးမှုသည် အိမ်တံခါးဝအထိ တိုးဝင်လာသည်။ စိုက်ပျိုးထားသော သီးနှံများကို ရောင်းချရန် ဈေးကွက် မရှိတော့သဖြင့် ဝင်ငွေမဲ့ကာ ဆင်းရဲတွင်း ပိုနက်သွားသည်။

အဆိုးဝါးဆုံးမှာ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုပင် ဖြစ်သည်။ စည်ကားခဲ့သော ဈေးနေရာတွင် သေနတ်သံနှင့် ယမ်းနံ့များသာ ကြီးစိုးလာပြီး၊ ရောင်စုံခေါင်းပေါင်းများနှင့် အပြုံးများအစား အကြောက်တရားနှင့် တိတ်ဆိတ်ခြင်းများက နေရာယူလာသည်။

၅ ရက်တစ်ဈေး ယဉ်ကျေးမှု ကွယ်ပျောက်သွားခြင်းသည် တိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သလို၊ လူတစ်ဦးနှင့်တစ်ဦးကို ချိတ်ဆက်ထားသည့် “အပြန်အလှန် ယုံကြည်မှုနှင့် နွေးထွေးမှု” တို့ပါ ပြိုလဲသွားခြင်း ဖြစ်သည်။

“ဈေးနေ့က ဘယ်နေ့လဲတောင် မသိတော့ပါဘူး … ။ မြန်မြန်ရောင်း … မြန်မြန်ပြန် … အခြေအနေလေး ငြိမ်ရင်သွားရောင်း … အနီးအနားက တောင်ပေါ်က သူတွေလည်း မလာတော့ဘူး”ဟု ကျောက်မဲဒေသတွင် နေထိုင်ပြီး ဈေးရောင်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ မမိုးက ပြောသည်။

၅ ရက်တစ်ဈေး အလှည့်ရောက်သည့် နေ့တိုင်းတွင် တောင်ပေါ် မြေပြန့်မှ လူမျိုးပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံဖြင့် စည်ကားခဲ့သော ဆုံမှတ်ကလေး တိတ်ဆိတ်သွားရခြင်းသည် ဒေသခံတို့၏ “လူမှုဝိညာဉ်”ကို သတ်ဖြတ်လိုက်ခြင်းနှင့် တူပေသည်။

ယနေ့သည် … ဈေးနေ့ … ဖြစ်သည်။

နန်းလောဝ် ရေးသားသည်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 23, 2026
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့်...
January 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို...
January 21, 2026
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား...