ထန်တလန်တွင် အမျိုးသားတစ်ဦးက ဇနီးနှင့်သမီးကို ပစ်သတ်ကာ မိမိကိုယ်ကို အဆုံးစီရင်

ထန်တလန်တွင် အမျိုးသားတစ်ဦးက ဇနီးနှင့်သမီးကို ပစ်သတ်ကာ မိမိကိုယ်ကို အဆုံးစီရင်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အိမ်ထောင်ဦးစီးဖြစ်သူက ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် မိမိကိုယ်ကိုယ်လည်း အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထန်တလန်မြို့နယ်၊ ကုချာ (Kuhchah) ကျေးရွာတွင် ဇန်နဝါရီလ ၂၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် ဦး ကျဲအိုနှင်းထန် (Pu Ceu Hnin Thang) သည် ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် အိပ်ပျော်နေသည့် ဇနီးဖြစ်သူ ဒေါ်နီကျဲရ်နှမ် (Pi Ni Cer Hnem - ၃၄ နှစ်) နှင့် သမီးဖြစ်သူ ပါအီယန်း (Par Iang - ၁၂ နှစ်) တို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

“ သူကစိတ်ဝေဒနာ ခံစားနေရတာပါ။ သူ့မိန်းမကို သေနတ်နဲ့ ပစ်၊ သူ့သမီးကိုလည်း ပစ်ပြီးမှ သူ့ကိုသူလည်း အဆုံး စီရင်သွားတာ။ အဲဒီအိမ်က အဖိုးနဲ့ ညလာအိပ်တဲ့သူတွေက ချက်ချင်းလိုက်သွားပြီး သေနတ်ကို လုယူဖို့လုပ်ပေမဲ့ သူက သေနတ်မောင်းတံကို ခြေမနဲ့ နင်းပြီး သူ့ရဲ့မေးကို ပစ်ခတ်ပြီး သူ့ကိုသူ အဆုံးစီရင်သွားတယ်။ သူက သူ့ဇနီးနဲ့ သားသမီးတွေကို အရမ်းချစ်တာ။ မလေးရှားသွားဖို့ ပြောတဲ့အခါတိုင်းလည်း သူ့မိသားစုမပါရင် မသွားဘူး၊ ခွဲမနေနိုင်ဘူးလို့ အမြဲပြောလေ့ရှိတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ တစ်ယောက်ယောက်က သူ့ကို သတ်ဖို့ ကြိုးစားနေတယ်လို့ ထင်နေတာကြောင့် သေနတ်ကို အမြဲဆောင်ထားတယ်။ သေနတ်ကို သိမ်းဖို့ ကြိုးစားရင်လည်း ဓားနဲ့ ခုတ်မယ်လို့ ခြိမ်းခြောက်တတ်လို့ မသိမ်းနိုင်ခဲ့ကြတာပါ" ဟု ကျေးရွာ လူကြီး၏ ပြောပြချက်ကို Ram Uk Hnin က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူမှာ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သမီးဖြစ်သူမှာ ဒေသခံများက ဆေးရုံသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာများဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသွားသူ ဦးကျဲအိုနှင်းထန် (Pu. Ceu Hnin Thang) သည် လွန်ခဲ့သော ၂၀၂၅ ခုနှစ် ခရစ္စမတ်ကာလမှစ၍ စိတ်ဝေဒနာ (စိတ်လွတ်သွားသည့်လက္ခဏာ) ပိုမိုပြင်းထန်စွာ ခံစားနေရသူ ဟု ဆိုသည်။

၎င်း၏ အခြေအနေမှာ ဆိုးရွားလာသည့်အတွက် မိသားစုဝင်များနှင့် ရွာသားများက ညစဉ်မပြတ် အနီးကပ် စောင့်ရှောက် ပေးခဲ့ရကြောင်းလည်း သိရသည်။

ဦးကျဲအိုနှင်းထန်တို့ မိသားစု ၃ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ ညနေပိုင်း ၃ နာရီတွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။

Most read this week

January 23, 2026
တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသား လူမျိုးစု အားလုံးအတွက်...
January 22, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇန်မြို့နယ်ကို သိမ်းပိုက်အပြီး ၂ နှစ်နီးပါးအကြာတွင်...
January 21, 2026
မလေးရှားနိုင်ငံအတွင်းက ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဩစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ်...
January 20, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဗလီကျောင်းတက်ရန်သွားသည့် ချင်းလူငယ်တစ်ဦးကို စစ်ကော်မရှင်တပ်က...