တောင်ပေါ်မြေပြန့် တန်းတူညီမျှသော ပြည်ထောင်စုပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်မည်ဟု CDF - အရှိုကြေညာ

တောင်ပေါ်မြေပြန့် တန်းတူညီမျှသော ပြည်ထောင်စုပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်မည်ဟု CDF - အရှိုကြေညာ

တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသား လူမျိုးစု အားလုံးအတွက် ကောင်းမွန်မျှတမှု ရှိသည့် နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ပေါက်ရေးနှင့် တန်းတူညီမျှမှု ရှိသော ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာ သည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ချင်းကာကွယ်ရေးတပ် - အရှိုက ကြေညာသည်။

ချင်းကာကွယ်ရေးတပ် - အရှို တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၂၁ ရက်က သဘောထား ထုတ်ပြန်ချက်တွင် ကြေညာခြင်းဖြစ်သည်။

CDF- အရှို၏ တော်လှန်ရေး ၃ နှစ်တာ ခရီးတွင် ပြည်တွင်း ပြည်ပရှိ တော်လှန်ပြည်သူများ၏ ပံ့ပိုးဝန်းရံမှုများကြောင့် စစ်ဆင်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဖော်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် အထောက်အကူပြုသည့် တပ်ဖွဲ့တစ်ခုအဖြစ် အခိုက်အမာရပ်တည်သွားမည်ဟု CDF - အရှို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခေတ်အဆက်ဆက်မှ ယနေ့ နွေဦးတော်လှန်ရေးအထိ စစ်အစိုးရ၏ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများအပေါ် သွေးခွဲ အုပ်ချုပ်မှုများ၊ ဖိနှိပ်မှုများနှင့် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကိုလည်း ကွန့်ကွက်ရှုတ်ချသည်ဟု သိရသည်။

လက်ရှိတော်လှန်ရေးကာလ စစ်ကော်မရှင်တပ်၏ အရပ်သားပစ်မှတ်ဖြစ်သော စစ်ဆင်ရေးများကြောင့် အသက်ခန္ဓာနှင့် အိုးအိမ် ဆုံးရှုံးပြီး နေရပ်စွန့်ခွာကြရသော ပြည်သူတစ်ရပ်လုံးနှင့် ထပ်တူထပ်မျှ ရပ်တည်ခံစားရပါကြောင်း အလေးအနက်ဖော်ပြလိုပါသည်ဟု CDF - အရှိုက ထုတ်ပြန်သည်။

CDF - အရှို၏ စစ်ဆင်ရေးများတွင် အသက်၊ သွေး၊ ချွေးနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို စွန့်လွှတ် ပေးဆပ်ခဲ့ရသော တော်လှန်ရေး ရဲဘော် အာဇာနည်းသူရဲကောင်းများကို ဂုဏ်ယူလေးစားစွာ အလေးပြုအပ်ပါသည်ဟု ဆိုသည်။

တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားသို့ တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့ အသီးသီးမှ အရာရှိ အရာခံ အကြပ်စစ်သည်များ တက်ရောက်ခဲ့ကြပြီး CDF - အရှို ရဲဘော် စစ်မေများမှ ချင်းရိုးရာ ဝါးညှပ်အကနှင့် ရိုးရာ ဓလေ့ ဖော်ကျူးသော အကအလှများဖြင့် ကပြဖျော်ဖြေသည်ဟု သိရသည်။

July 7, 2026
ချင်းပြည်မြောက်ပိုင်း၊ တွန်းဇံမြို့ပေါ်နှင့် တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများမှ...
July 6, 2026
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ချဲရက်စ် (တာမန်မာလူးရီး) ရှိ ညဈေးတန်းကို မလေးရှား အာဏာပိုင်...
July 4, 2026
မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် ဒုက္ခသည်များအတွက်...
July 2, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်က...