ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရမှု ထိခိုက်၊ သေဆုံးသူ ၅၀ ခန့်ရှိ

ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရမှု ထိခိုက်၊ သေဆုံးသူ ၅၀ ခန့်ရှိ

နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ထိခိုက် သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိလာပြီလို့ KIO က ပြောပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်ကျင် စစ်တပ်က တိုက်ပွဲနေရာမဟုတ်တဲ့ ဆီးလင်း၊ ကောင်ဂျာရွာမှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

“စစ်တပ်ရဲ့ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခံရလို့ အရပ်သား ထိခိုက်သေဆုံးမှုများပါတယ်။ အခုချိန်အထိ ရရှိတဲ့အချက်အလက်အရ ၂၂ ယောက်အထိရှိလာပြီ။ ထိခိုက်ဒဏ်ရာရတဲ့သူက ၂၈ ယောက်လောက်ရှိတယ်။ ဒဏ်ရာရထားတဲ့ထဲကနေ အယောက် ၂၀ ကိုတော့ ဆေးရုံတင်ကုသထားတယ်။ ၈ ယောက်ကိုတော့ အပြင်ကုသခံယူဖို့လုပ်ထားတယ်”လို့ပြောပါတယ်။

သေဆုံးသွားတဲ့ အရပ်သား ၂၂ ယောက်ထဲ ၁၈ ယောက်က ဗုံးကြဲခံရတဲ့နေရာမှာတင်သေဆုံးသွားပြီးတော့ ဆေးရုံပို့တဲ့လမ်းကြောင်းမှာ  ၃ ယောက်၊ ဆေးကုသခံယူနေတဲ့အချိန်အတွင်း တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်သေဆုံးမှုလည်း ထပ်တိုးနိုင်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကောင်ဂျာကျေးရွာဟာ ဗန်းမော်မြို့ရဲ့ အနောက်ဘက်ခြမ်း၊ ဧရာဝတီတစ်ဖက်ကမ်းမှာရှိတဲ့  ကျေးရွာငယ်တစ်ခုဖြစ်ပြီးတော့ ကောင်ဂျာကျေးရွာရဲ့ ရပ်ကွက်(၃) နေရာမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ပြည်သူတွေပြောပါတယ်။

ကောင်ဂျာကျေးရွာ ရပ်ကွက်(၃)မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ ရွာသားတစ်ဦးသေဆုံးသွားတာကြောင့် နာရေးဆုတောင်းပွဲပြုလုပ်ဖို့ ရွာသားတွေ စုရုံးပြီး ပြင်ဆင်နေတဲ့အချိန် စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ဒီကနေ့ ညနေ ကျနော်တို့ စစ်ရှောင်နေကြတဲ့ ရွာမှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တဲ့အတွက် ရွာသားတွေအများအပြားသေဆုံးသွားတယ်။ ဆုတောင်းဖို့ ပြင်ဆင်နေတဲ့ နေရာမှာ ဗုံးကြဲခံရတာဖြစ်တယ်”လို့ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောဆိုခဲ့ပါတယ်။

ကောင်ဂျာကျေးရွာမှာ ဗန်းမော်တိုက်ပွဲကြောင့် လာရောက်စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူ အများအပြား လာရောက်တိမ်းရှောင်နေကြသလို အိမ်ထောင်စု ၁၀၀ ခန့်ရှိတဲ့ ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။

တိုက်ပွဲနေရာမဟုတ်သလို စစ်ရှောင်တွေနဲ့ အရပ်သားပြည်သူတွေသာရှိတဲ့ နေရာကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်သွားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ KIO က ပြောပါတယ်။

ဒါကြောင့် တိုက်ပွဲနေရာနဲ့ နီးကပ်ပြီး နေထိုင်ကြတဲ့ ပြည်သူအနေနဲ့ လက်ရှိအချိန်မှာ လူစုဝေးတာတွေရှောင်ရှားဖို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြီး သတိပေးထားပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း သေဆုံးသွားတဲ့သူတွေကတော့ လဇွမ်ပရီဂျား၊ ဂျန်မာခါး၊ ရှန်ထိန်းခေါန်ဂျာ၊ လဘန်တန်၊ ဒရှီဂျီးခေါန်၊ ဂျန်မာနော်၊ အင်ခွမ်ဂွန်းမိုင်(သိန်းဝင်း) ၊ ဒေါ်ခမ်းယုံ၊ ဒေါ်ယောင်း၊ ဦးကံရှား၊ အမည်မသိတစ်ဦး၊ မောင်ရဲရင့်ထွန်း၊ ဦးထွန်းထွန်းဦး၊ မငယ်၊ ဂေါ့လူဝင်းလှိုင်၊ ဝဂျယ်လု(ဘောက်ဂျာ)၊ အမည်မသိတစ်ဦး၊ ဂေါ့လူဆန်းဒေးနော်ဆန့် တို့ဖြစ်တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “တနင်္ဂနွေနေ့မှာ ဗန်းမော်နဲ့ ရွှေကူဒေသမှာ စစ်တပ်က ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာဖြစ်တဲ့အတွက် သူတို့ရဲ့ လုံခြုံရေးယူတဲ့သဘောလို့မြင်ပါတယ်။ ရွှေကူလိုမြို့ကို တိုက်ခိုက်မှာ စိုးရိမ်တဲ့အတွက် ပစ်ခတ်ရှင်းလင်းတာဖြစ်နိုင်တယ်”လို့ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကချင်ပြည်သူတွေ အဆိုးရွားဆုံးအဖြစ် အစုလိုက်အပြုံလိုက်သေဆုံးတဲ့ဖြစ်စဉ်တွေဟာ ယခုတစ်ကြိမ်နဲ့ဆိုရင် ၃ ကြိမ်ခန့်ရှိလာပြီဖြစ်ပါတယ်။

အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ်မှာ ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၀ နီးပါခန့်သေဆုံးခဲ့ရသလို တစ်နှစ်အကြာ ၂၀၂၃ ခုနှစ်မှာ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ မုန်လိုင်မှာလည်း အဆိုးရွားဆုံးလေကြောင်းတိုက်ခိုက်ခဲ့ရပါတယ်။

မုန်လိုင်ခက်လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ထဲမှာလည်း ထိခိုက် သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိခဲ့ပါတယ်။

ယခုတစ်ကြိမ် တိုက်ခိုက်ခံရမှုမှာလည်း အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက်ထပ်မံသေဆုံးခဲ့ရတဲ့အတွက် ကချင်ပြည်သူတွေကြားမှာ ဆိုးရွားတဲ့အဖြစ်ဆိုးအဖြစ် မျက်ဝါးထင်ထင် ကြုံတွေ့နေရတာဖြစ်ပါတယ်။

January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...