တိုက်ပွဲဖြစ်နေတဲ့ကသာမှာ ကျောင်းပြန်ဖွင့်နေ

တိုက်ပွဲဖြစ်နေတဲ့ကသာမှာ ကျောင်းပြန်ဖွင့်နေ

အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစလို့ ကျောင်းတွေပြန်ဖွင့်နေပြီလို့ ကသာမြို့ခံတွေဆီက သိရပါတယ်။

စစ်ကော်မရှင်က ကျောင်းသား/သူ နဲ့ Non-CDM ဆရာ/မ စုစုပေါင်း ၄၀၀ ကျော်ကို ကသာမြို့ကိုဝင်ရောက်စေပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်ဖို့ပြင်ဆင်နေကြောင်း တော်လှန်ရေးအင်အားစုတွေက KNG ကို ပြောဆိုခဲ့ပြီး မြေပြင်မှာတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစတင်ကာ ကျောင်းတွေပြန်ဖွင့်နေပြီလို့  ဒေသခံတွေက ပြောပါတယ်။

ကသာမြို့ပေါ်မှာရှိတဲ့ အထက်တန်းကျောင်း ၃ ခုပေါင်းပြီးတော့ အမှတ် ၃ အထက်တန်းကျောင်းမှာ ဖွင့်လှစ်နေတာလို့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။

“၁၈ ရက်နေ့ကစဖွင့်တယ်လို့ ပြောတယ်။ အထက ၂ ကျောင်းက မီးလောင်သွားတော့။ ကသာမှာရှိတဲ့ ကျောင်း ၃ ခုကို။ ထ ၃ မှာ ပေါင်းပြီးဖွင့်နေတာ။ ဘယ်ကျောင်းကဖြစ်ဖြစ် ထ ၃ ကျောင်းမှာတက်ရမှာပေါ့“လို့ ကသာမြို့ခံ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကသာမြို့ခံတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့သိမ်းတိုက်ပွဲစဖြစ်တဲ့နေ့ကစလို့ ဘေးလွတ်ရာတွေမှာ စစ်ဘေး တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဒါပေမဲ့ မြို့တွင်းမှာလည်း စစ်ကော်မရှင်ကိုထောက်ခံတဲ့အရပ်သားတွေနဲ့ ငွေကြေးမတတ်နိုင်လို့စစ်ဘေးမရှောင်နိုင်သူတွေ၊ သူခိုးရန်ကိုကြောက်လို့ စစ်ဘေးမတိမ်းရှောင်နိုင်ကြသူတွေလည်းရှိနေပါတယ်။

စစ်ကော်မရှင်ကိုထောက်ခံတဲ့ ကသာမြို့ခံတချို့ကတော့ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်ပြီးဆုံးတော့မှာဖြစ်တာကြောင့် အခုလို ကျောင်းဖွင့်တာဟာ ဖြစ်သင့်တဲ့အကြောင်း ဆိုရှယ်မီဒီယာမှမျှဝေရေးသားတာတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ ကသာမြို့ကနေထွက်ပြေးလာတဲ့ အထက်ပါစစ်ဘေးရှောင်ကတော့ အခုလိုတိုက်ပွဲပြင်းထန်နေချိန်မှာ စာသင်ကျောင်း တွေပြန်ဖွင့်ဖို့ကြိုးစားတာ မဖြစ်သင့်ဘူးလို့ သူ့ရဲ့အမြင်ကိုပြောပါတယ်။

“သူတို့လုပ်တာက အောင်မြင်မယ်လို့လည်းမထင်ပါဘူး။ အဝေးရောက်တဲ့သူတွေကလည်း ပြန်မလာတော့ဘူးလေ။ ပညာရေး အတွက် ဘေးလွှတ်တဲ့နေရာတွေမှာထားဖို့ပြင်နေကြပြီ။ လိုင်းပေါ်မှာကလည်းလှုံ့ဆော်နေကြတာပါ။ ပြန်လာမှရမယ်တို့ဘာတို့ ပေါ့။ ကျမတို့အမြင်ကတော့ အသက်ဘေးက အရေးကြီးလား ပညာရေးကအရေးကြီးလားပေါ့။ ပညာရေးကလည်း အရေးကြီး ပါတယ် ဒါပေမဲ့။”လို့ပြောပါတယ်။

လက်ရှိတော့ ကသာမြို့တွင်းမှာစစ်ဘေးမရှောင်ဘဲ ကျန်ရစ်ခဲ့သူတချို့ ကျောင်းတက်နေကြတယ်လို့ သိရပြီး ကသာမြို့ရဲ့ အစွန် ရပ်ကွက်တွေမှာ နှစ်ဖက်တပ်တွေအကြား ကျောင်းစဖွင့်တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာပဲ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ကသာမြို့မှာ စစ်ကော်မရှင်ကကျောင်းပြန်ဖွင့်ဖို့ကြိုးစားတာဟာ တော်လှန်ရေးတပ်တွေစစ်ရေးမှာအခက်တွေ့အောင် အရပ်သားတွေကိုအသုံးချတာလို့ ထောက်ပြထားပါတယ်။

March 25, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ...
March 24, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု...
၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
March 23, 2026
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့်...
ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...