မောက်မယ်မြို့နယ်က ခြိင်းနင်ရွာကို PNO ပြည်သူ့စစ်က ဒရုန်းနဲ့ဗုံးကြဲပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

မောက်မယ်မြို့နယ်က ခြိင်းနင်ရွာကို PNO ပြည်သူ့စစ်က ဒရုန်းနဲ့ဗုံးကြဲပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး
၂၀၂၅ခုနှစ် သြဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်းက နောင်ဗိုလ်ကျေးရွာကို PNO မိးရှို့မှုကြောင့် နေအိမ် မီးလောင်စဉ် (ဓါတ်ပုံ - PNLA )
၂၀၂၅ခုနှစ် သြဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်းက နောင်ဗိုလ်ကျေးရွာကို PNO မိးရှို့မှုကြောင့် နေအိမ် မီးလောင်စဉ် (ဓါတ်ပုံ - PNLA )

ရှမ်းပြည်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ ခြိင်းနင် ကျေးရွာကို စစ်ကော်မရှင် လက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဆီကနေ သိရပါတယ်။

ပဋိပက္ခအခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အဲ့ဒီ ကျေးရွာခံတွေကို PNO ပြည်သူ့စစ်က နေရပ်ပြန်ခိုင်းပေမယ့် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ထပ်မံ တိမ်းရှောင်ခဲ့ရတယ်လို့ အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး PNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“PNO ပြည်သူ့စစ်က ရွာကိုပြန်လာရမယ် ရွာမှာပြန်နေဆို ပြီးတော့ သူတို့အမိန့်ပေးလို့ သူတို့ကြောက်ကြောက်နဲ့ ရွာမှာပြန်လာနေ သူတို့အကုန်လုံးရွာကို ရောက်တဲ့အခါ ကျမှ PNO ပြည်သူ့စစ်က သူတို့ရွာကို ဗုံးကြဲတယ်ပေါ့နော်။ ဗုံးကြဲတယ်ဆိုတော့ သူတို့ပြန်ထွက်ပြေးတယ်ပေါ့လေ။ “လို့ ခွန်ရိန်းယံက ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာထဲ ပြန်လာခိုင်းပြီး PNO တပ်ဖွဲ့အတွက် ထမင်းဟင်း ချက်ခိုင်းတာကို စေခိုင်းခဲ့တယ်လို့ ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ခွန်ရိန်းယံက ပြောပါတယ်။

PNO ပြည်သူ့စစ်က ကျေးရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြောင်းနဲ့ပတ်သက်ပြီး ကျေးရွာခံတွေ ထုတ်ဖော်ပြောဆိုထားတဲ့ ရုပ်သံဗီဒီယို ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေရဲ့ နေအိမ် ၊ ကျေးရွာကို မီးရှို့ဖျက်ဆီးတဲ့ PNO လုပ်ရပ်က လူထုတွေကို တမင်နှိပ်စက်နေကြောင်းကို ဖော်ပြနေတယ်လို့ ခွန်ရိန်းယံက ဖြည့်စွက် ပြောဆိုထားပါတယ်။

“ဒီလိုမျိုး ပြည်သူလူထုရဲ့အိုးအိမ်၊ စည်းစိမ်တွေကို မီးရှို့တယ်၊ ဖျက်ဆီးတယ်၊ ဒရုန်းနဲ့ဗုံးကြဲတယ်။ ပြည်သူတွေကို ရွာထဲပြန်လာနေခိုင်းတယ်။ ပြည်သူတွေရွာထဲ‌ရောက်မှ ဒရုန်းနဲ့တခါ ဗုံးပြန်ကြဲတယ်ဆိုတာက ပြည်သူလူထုကို သူတို့က တမင်သက်သက် နှိပ်စက်သတ်ဖြတ်နေတယ်ဆိုတာက ပေါ်လွင်နေတယ်ပေါ့နော်။”လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမ အပတ်မှာ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။ အဲ့ဒီ ကျေးရွာမှာ အိမ်ခြေ ( ၁၀ ) ကျော် ၊ လူဦးရေ ၆၀ ဝန်းကျင်ရှိပြီး လက်ရှိမှာတော့ ကျေးရွာခံတွေက တခြားနေရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

February 9, 2026
ပြီးခဲ့တဲ့နှစ်က ဒီးမော့ဆိုမြို့ပေါ် အနီးတစ်ဝိုက်မှာ စစ်ဘေးရှောင်ရင်း စပါး ၊ ပြောင်း...
February 7, 2026
ကရင်နီပြည် ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်က လူထုတွေအကြား ဖြစ်ပွားနေတဲ့ အရေပြားရောဂါဟာ...
February 6, 2026
ကရင်နီပြည် ၊ မယ်စဲ့မြို့နယ်အတွင်းမှာ သဘာဝ သားငါးတိရစ္ဆာန်တွေ မျိုးတုံးစေနိုင်တဲ့...
February 5, 2026
ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်...