စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး လူငယ်များအား အတင်းအဓမ္မဖမ်းဆီးနေမှုကို စစ်တပ်၊ ရဲတပ်ဖွဲ့အပြင် ပျူစောထီးများမှ အရှိန်မြှင့် လုပ်ဆောင်လာနေကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ကို မြို့နယ်အဆင့် အစည်းအဝေး မကြာခဏ ခေါ်ယူပြောဆိုနေပြီး မြေပြင်တွင် ပေါ်တာဆွဲဖမ်းဆီးမှုများလည်း ဆက်တိုက်ရှိလာနေကြောင်း ပေါင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက IMNA သို့ပြောသည်။
ည ၉ နာရီနောက်ပိုင်း ပေါင်မြို့နယ်တွင် လမ်းသွားလမ်းလာလူငယ်များ ဖမ်းဆီးခံနေရပြီး၊ ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာလတွင် ထန်းပင်ချောင်းကျေးရွာမှ လူငယ်နှစ်ဦးကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားခြင်းမရှိဘဲ စစ်မှုထမ်းစုဆောင်းရာနေရာသို့ ပို့ဆောင်ခံထားရသည်ဟု ၎င်းက ပြောသည်။
“တစ်လနှစ်ကြိမ်အစည်းအဝေးခေါ်တယ်၊ အခြားအကြောင်းထက်စာရင် စစ်မှုထမ်းကိစ္စ ပိုပြီးပြောတယ်၊ ၉ နာရီနောက်ပိုင်း သူတို့စဖမ်းပြီး၊ ထန်းပင်ချောင်းမှာ ပြည်သူ့စစ်က ဆိုင်ကယ်နှစ်ယောက်စီးလာတဲ့ လူငယ်ကို ဖမ်းလိုက်တယ်၊ ဖမ်းမိတာနဲ့ပို့လိုက်တာပဲ။ စုဆောင်းရေး၊ ဘယ်မှာ မှန်းတောင်မသိဘူး၊ မိဘတွေကဘာမှ မပြောရဲဘူး" ဟု ပြောသည်။
၎င်းအပြင် ထောင်နှင့်ချီသည့် အိမ်ထောင်စုများထံ လစဉ်ငွေကြေးကောက်ခံပြီး အုပ်ချုပ်ရေးမှူး များမှ စစ်မှုထမ်း အငှားလိုက်မည့်သူများကို ပို့ဆောင်နေသော်လည်း လိုအပ်သလို ဖမ်းဆီးမှုများရှိနေသည်ဟုလည်း ဆက်ပြောသည်။
အရပ်သားလူငယ်များကို အတင်းအဓမ္မစစ်သားစုဆာင်းနေသည့် စစ်ကော်မရှင်၏ စစ်မှုထမ်းသင်တန်းသည် လက်ရှိတွင် အပတ်စဉ် ၂၁ အထိ ရောက်ရှိလာပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်အား တစ်သိန်းခန့်စုဆောင်းနိုင်ပြီး ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်တွင် ပြည်သူ့စစ်မှုထမ်းများခေါ်ဆောင်ခြင်းအပေါ် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မော်လမြိုင်မြို့နယ်မြေခံ ပြည်သူ့စစ်မှူးထမ်းသင်တန်းကျောင်းရောက်ရှိစဉ်တွင် ပြောကြားခဲ့သည်။
စစ်မှုထမ်းဥပဒေရည်ရွယ်ချက်သည် စစ်တပ်မှဖြည့်ဆည်းရမဲ့ လစ်လပ်အင်အားများ၊ ရှေ့တန်း၊ တပ်ကွင်းသို့ ပို့ဆောင်ရန်နှင့် ၎င်းတို့၏ယန္တရားအတွက် အသုံးချခံဖြစ်ပြီး၊ ကောင်းမွန်သည့်ရည်ရွယ်ချက် မဟုတ်ဘဲ နိုင်ငံသားများကို ဖိနှိပ်သည့် ဥပဒေဖြစ်ကြောင်း တောင်ပိုင်းဒေသလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
“ဒါက နိုင်ငံသားအတွက် ဖိနိုပ်ဥပဒေလို့ပဲမြင်တယ်၊ ဒီဥပဒေကိုရှောင်ရှားဖို့ရန် ရှင်သန်ရပ်တည်ရေး ကိုယ့်အခွင့်အရေးကို ကာကွယ်ဖို့အတွက်အထူးတလည်ဂရုစိုက်ရမှာ။ တော်တော်များများက စစ်မှုထမ်းစိတ်ဆန္ဒအလျောက် စစ်မှုထမ်းတဲ့သူတွေ မရှိပါဘူး လူငယ်တွေက သူ့နည်းသူ့ဟန်နဲ့ရှောင်ရှားရတယ်။ တပ်ထဲရောက်သွားရင် အများဆုံးအသက်ဆုံးရှုံးရတယ်၊ သူတို့ယန္တရားအတွက်အသုံးချခံရတယ်၊ လူငယ်တွေရဲ့ အနာဂတ်တွေအညွန့်ကျိုးရတယ် ”ဟု သူကဆိုသည်။
မြို့ပေါ်၊ ရပ်ကွက်တို့တွင် စစ်ကော်မရှင်ထိန်းချုပ်နိုင်စွမ်းအားကောင်းသည့်ဒေသတွင် စစ်မှုထမ်းအင်အားအများဆုံးရရှိနိုင်ပြီး၊ တော်လှန်ရေးအင်အားစု လှုပ်ရှားမှုအားကောင်းသည့် မြို့နယ်ဘက်တွင် စစ်မှုထမ်းကိစ္စလုပ်ဆောင်မှုနည်းပါးကြောင်း သိရသည်။
စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်အသက်သွင်းခဲ့ပြီးနောက် မွန်ပြည်နယ်တွင် စစ်မှုထမ်းအပတ် ၁၉ အထိတွင် လူငယ် (၄၀၀၀) နီးပါးသည် သင်တန်းသားအဖြစ် အဓမ္မစုဆောင်းခံ ခဲ့ရကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေးရှင်၏ အစီရင်ခံစာများ အရသိရသည်။
ဓာတ်ပုံ – မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ







