ထိုင်းကုန်စည်များကို ကုန်သည်များက လမ်းကြောင်းကြိုရှင်းစနစ်ဖြင့်တင်သွင်း

ထိုင်းကုန်စည်များကို ကုန်သည်များက လမ်းကြောင်းကြိုရှင်းစနစ်ဖြင့်တင်သွင်း

ထိုင်းကုန်ပစ္စည်းများတင်သွင်းမှု စစ်ကော်မရှင် ရက် ၁၀၀ စီမံချက်အတွင်း စစ်ဆေးတင်းကြပ်ထားစဉ် လမ်းကြောင်းကြိုရှင်းစနစ်ဖြင့် တင်သွင်းနေရကြောင်း မော်လမြိုင်ကုန်သည်များက IMNA သို့ပြောသည်။

သံလွင်တံတားထိပ်၊ ညောင်ခါးရှည်နှင့် စံပယ်ဂူတံတားထိပ်တို့တွင် စစ်ဆေးမှုတင်းကြပ်ထားသဖြင့် ကုန်သည်ကြီးများမှ စစ်ကော်မရှင်အဖွဲ့နှင့်နီးစပ်သူများထံ ငွေကြေးပေးဆောင်၍ တိုက်ရိုက်တင်သွင်းခွင့်ရနေသည်ဟု မော်လမြိုင်မှကုန်သည်တစ်ဦးက ပြောသည်။

“ဖုန်းကြိုးဆက်ပြီး ညှိထားတာ။ ပစ္စည်းပါတဲ့ကားအရှေ့ကနေ ကားတစ်စီးနဲ့ကြိုသွားပြီး လမ်းကြောင်းကြိုရှင်းစနစ်နဲ့ ဝင်တာတော့ရှိတယ်။ လက်ကြီး တင်နေတဲ့သူတွေပဲလည်ပတ်နိုင်ပါတယ်။ အသေးအဖွဲ့ကတော့ လိုင်းကြေးမတတ်နိုင်ပါဘူး။ ကုန်ပစ္စည်းဖိုးရယ်၊ သယ်ယူစရိတ်ရယ်၊ လိုင်းကြေးပေးရတဲ့ပိုက်ဆံရယ် ပေါင်းလိုက်ရင် စားသုံးသူပဲခံရတာပေါ့” ဟု ဆိုသည်။

အခြားတိုင်းနှင့် ပြည်နယ်များထက် မွန်ပြည်နယ်တွင် တစ်နိုင်တစ်ပိုင် ထိုင်းကုန်ပစ္စည်း ဝင်ရောက်နိုင်သော်လည်း ယခင်လကထက် ကုန်ပစ္စည်းတန်ဖိုးအမျိုးအစားအလိုက် ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်လာသည့်အခြေအနေဖြစ်သည်ဟုလည်း ဝယ်ယူစားသုံးနေသူများမှ သိရသည်။

စစ်ကော်မရှင် အစိုးရအဖွဲ့၏ ရည်ရွယ်ချက်အရ ဒေါ်လာငွေများကို ပြင်ပမရောက်အောင် ထိန်းချုပ်နိုင်ရန်အတွက်နှင့် ပို့ကုန် အဓိကထား၍ သွင်းကုန်လျှော့ချလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သော်လည်း စစ်ဆေးသည့်အဖွဲ့မှ ငွေကြေးတောင်းခံခြင်း မှောင်ခိုဈေးကွက်ဖြင့် တင်သွင်းခြင်းတို့ကြောင့် စားသုံးသူများသာ ဒဏ်ခံနေရသည့် အနေအထားဖြစ်သည်။

ကုန်တင်ယာဉ်မောင်းတစ်ဦးက “အခုလုံနယ်အဖွဲ့မရှိတော့ဘူး။ အေဂျင်တွေက ပိုက်ဆံပေးပြီးဖြတ်လို့ရတယ်။ ငွေကြေးပေးပြီးတင်သွင်းလို့ရတာက နည်းနည်းကျေးဇူးတင်နေရအုံးမှာ။ မဟုတ်ရင် ရွာလည်ကုန်မှာပေါ့နော်။ လိုင်စင်ကိုသူတို့က ပေါပေါပဲပဲ ချပေးရင်တော့ ကောင်းတာပေါ့။ အစိုးရ နိုင်ငံခြားငွေကို ချွေတာချင်လို့ Export ကနေပြီးတော့ ဒေါ်လာ ၁၀ သန်းလောက် သွင်းရမယ်ဆိုရင် ၇ သန်း လောက်ပဲပေးသွင်းတော့တယ်” ဟု ၎င်းကပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ခရီးသည် ပို့ဆောင်ရေး မှန်လုံယာဉ်များ ထိုင်းကုန်ပစ္စည်းများ မသယ်ဆောင်ရန် ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီက စာထုတ်ပြန် သတိပေးထားသည်လည်း ရှိသည်။

အစိုးရသစ်၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက (မေလ ၁ ရက်) မှစပြီး ပြည်ပနိုင်ငံများမှ တင်သွင်းသည့် ကုန်ပစ္စည်းများနှင့် ပြည်တွင်းမှ ပြည်ပသို့တင်ပို့သည် ကုန်ပစ္စည်းများ စုစုပေါင်း ကုန်စည် ၁၅၀ မျိုးကို အခွန်တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဘုရားသုံးဆူလမ်းပိုင်းနှင့် မြဝတီလိုင်းကားတို့ဖြင့် တစ်နိုင်တစ်ပိုင် တင်သွင်းနိုင်သေးသောကြောင့် ပစ္စည်းပြတ်လပ်ခြင်းနှင့် ဈေးအဆမတန်ကြီးမြင့်ခြင်း မရှိသေးဟု သိရသည်။

မြေပြင်သတင်းအရင်းအမြစ်အရ ကျိုက်ထို၊ ဘီးလင်း အဝေးပြေးလမ်းပိုင်းတွင် ဇွန်လ ၁၀ ရက်နေ့မှစပြီး ဂိတ်ကြေးတောင်းနေသည့် ပြည်သူ့စစ်များ၊ ရဲ၊ စစ်တပ်ဂိတ်များလျော့နည်းလာသည်ဟုလည်း ရန်ကုန်လမ်းပိုင်းသို့ သွားလာနေသူတစ်ဦးကပြောသည်။

July 7, 2026
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် စစ်အုပ်စုဘက်က တရားဝင် ပို့ကုန်...
July 7, 2026
မွန်ပြည်နှင့် ကရင်ပြည်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-အနန်းကွင်း လမ်းပိုင်းတစ်လျှောက်တွင် စစ်တပ်က...
July 6, 2026
ရခိုင်-မကွေးရိုးမလမ်းပေါ်ရှိ နတ်ရေကန်ရှေ့တန်းစစ်မျက်နှာသို့ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီးနောက်...
July 6, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများ ပိတ်သိမ်းရန်...