မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ်သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း ၎င်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတဆင့် ဇန်နဝါရီလ ၁၅ ရက်တွင် ပုံနှင့်တကွ ပြန်လည်မျှဝေထားသည်။

အလားတူ ဖြစ်စဉ် အစအဆုံး ရေးသားထားပြီး စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ထံ အမှုဖွင့် တိုင်ကြားထားသည့် တိုင်ကြားစာကိုလည်း ၎င်းဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ အဆိုတော် ရှင်မင်းမြတ်သည် မိတ်ဆွေတစ်ဦးထံမှ မင်္ဂလာပွဲကိစ္စဖြင့် ဖိတ်ကြားခံခဲ့ရပြီး ဇန်နဝါရီလ (၄)ရက်တွင် ရန်ကုန်၊ မန္တလေးမှတဆင့် မူဆယ်မြို့သို့ ၎င်းတို့စီစဉ်ပေးသည့် လေယာဉ်နှင့် ကားခရီးစဉ်ဖြင့် လိုက်ပါခဲ့ကြောင်း အဆိုပါ တိုင်ကြားစာအရ သိရသည်။

ဇန်နဝါရီလ (၅) ရက်နေ့တွင် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်ရှိ ဟော်ရှင်းဟိုတယ်သို့ ရောက်ရှိပြီးနောက် မင်္ဂလာပွဲ ကျင်းပမည့်နေရာ သွားရောက်ကြည့်ရှုလိုကြောင်း ပြောကြားခဲ့ရာ ပြည်သူ့စစ်တစ်ဦး အပါအဝင် အမျိုးသား (၄)ဦးက လာရောက်ခေါ်ယူခဲ့ပြီး လူရှင်းသည့် လမ်းကြားသို့ ကားတင်ခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်း ရေးသားထားသည်။

ထို့နောက်တွင် ကားတင်ခေါ်ဆောင်လာသည့် အမျိုးသားများက အဆိုတော် ရှင်မင်းမြတ်နှင့် ၎င်းမိတ်ဆွေတစ်ဦးတို့ကို အနက်ရောင်အိတ်ဖြင့် ခေါင်းစွပ်ကာ လက်ထိပ်ခတ် ချည်နှောင်၍ ကျားဖြန့်ဂိုဏ်းတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါနေရာတွင် ၎င်းတို့နှစ်ဦး အကြမ်းဖက် ရိုက်နှက်ပြီး ခြေထောက်ဖြင့် ကန်ခြင်း၊ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခံခဲ့ရပြီးနောက် ကျပ်ငွေ သိန်း ၇၀၀၀ အတင်းအကြပ် တောင်းဆိုခံခဲ့ရပြီး နောက်ဆုံးတွင် ကျပ်ငွေ သိန်း ၃၀၀၀ ကျော် ပေးအပ်ပြီးမှသာ ဇန်နဝါရီလ (၉) ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

“မူဆယ်မှာက ဘားဆိုင်တို့ စင်တင်တေးဂီတ စတိတ်ရှိုးရှိတဲ့ အရက်ဘီယာဆိုင် အဲ့လိုများတယ်။ အဲ့လိုဆိုင်တွေက အဆိုတော်တွေကို အပြိုင်အဆိုင် ခေါ်ကြတော့ တချို့လည်း ယုံပြီး လာကြတာပေါ့။ အခုလည်း အဲ့လိုယုံပြီး လာလို့ ကျားဖြန့်နဲ့ လာတိုးတာလို့ ပြောလို့ရတယ်။ အခုခေတ် ငွေလိမ်တဲ့နည်းက မျိုးစုံတိုးလာလို့ သူများအလုပ်ခေါ်ရင် သတိမထားရင်တော့ ကိုယ်ပါ ဓားစာခံဖြစ်မယ်” ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

ထိုသို့ မလွတ်မြောက်မီ ညတွင်လည်း ၎င်းတို့အား အတွင်းခံ မဝတ်ဘဲ ပြောခိုင်းသည့် စကားများအတိုင်း ဗီဒီယိုရိုက်ကူးခိုင်းကာ ရဲတပ်ဖွဲ့ထံ တိုင်ကြားပါက အဆိုပါ ဗီဒီယိုများကို အွန်လိုင်းပေါ်တွင် ဖြန့်မည်ဟု ထပ်မံခြိမ်းခြောက်ခဲ့ကြောင်း တိုင်ကြားစာတွင် ပါရှိသည်။

အဆိုတော် ရှင်မင်းမြတ်နှင့် မိတ်ဆွေတစ်ဦးတို့ကို ကျားဖြန့်ဂိုဏ်းများမှ မူဆယ်မြို့ရှိ လူမရှိသော် လမ်းကြားတစ်ခုတွင် ပစ်ချခဲ့ပြီး မှတ်ပုံတင်ကတ်နှင့် ငွေကျပ် ၁၀ သိန်း ပြန်ပေးခဲ့သော်လည်း ပက်စ်ပို့နှင့် ကိုယ်ပိုင်ပစ္စည်းအားလုံးကို သိမ်းယူထားကြောင်း ဆိုသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အလျောက် လက်နက်ကိုင် အဖွဲ့များနှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်သည့်အပြင် ခြိမ်းခြောက်ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများတွင် ကျူးလွန်သူများကို ပြည်သူများမှ ပြန်လည်ဖမ်းဆီးမိလျှင် စစ်ကော်မရှင်လက်အောက်ခံ လက်နက်ကိုင်ဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသာ ဖြစ်ကြောင်း မူဆယ်‌ဒေသခံများထံမှ သိရသည်။

အလားတူ ယမန်နှစ် ဒီဇင်ဘာလတွင်လည်း မိုင်းလားမြို့ဘက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် မိုင်းရှူးဒေသခံ မိန်းကလေးတစ်ဦးသည် တစ်တော့ Tik Tok ပေါ် အလုပ်ရှာသည့် ပိုစ့်တင်ပြီးနောက် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများမှ တန့်ယန်းမြို့၌ အလုပ်ရှိသည်ဟု လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

ထို့အပြင် အလုပ်အကိုင် ရှားပါးမှုကြောင့် ဆိုရှယ်မီဒီယာပေါ်တွင် တွေ့ရသည့် အလုပ်ခေါ်စာ ကြော်ငြာများကို သေချာ စိစစ်ခြင်း မရှိဘဲ လုပ်ငန်းခွင်ရောက်မှ လူကုန်ကူးခံရမှန်း မသိဘဲ နှိပ်စက်ခိုင်းစေခံရသည့် အနေအထားဖြင့် အလုပ်လုပ်နေရသူ အများအပြား ရှိနိုင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြထားသည်။

January 16, 2026
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့်...
January 15, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်...
January 14, 2026
စိုင်းဆိုင်အိုက် — မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏...
January 13, 2026
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ...