ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အဓိက ဝင်ငွေရပေါက်လမ်းအဖြစ် နယ်မြေတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချနေကြောင်း စစ်အုပ်စုဘက်က စွပ်စွဲပြောဆိုမှုအပေါ် ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောတောနီးက ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုလိုက်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ်အတွင်း ငွေကျပ် (၁,၆၀၀) ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ဟု စစ်အုပ်စုဘက်က ထုတ်ပြန်ခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်ပမီဒီယာအချို့ ပါဝင်သည့် သတင်းစာရှင်းလင်းပွဲတွင် ကေအဲန်ယူအပါအဝင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်များက မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြင့် ဝင်ငွေကို အဓိကရှာဖွေနေကြောင်း စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်းက စွပ်စွဲပြောဆိုသွားခြင်း ဖြစ်သည်။
စစ်အုပ်စု၏ စွပ်စွဲမှုအပေါ် ကေအဲန်ယူအဖွဲ့ ပြောခွင့်ရသူ ပဒိုစောတောနီးက “မူးယစ်ဆေးလုပ်မှ ကျနော်တို့ ထမင်းစားရတာ မဟုတ်ဘူး။ သမာသမတ်နည်းလမ်းနဲ့ တော်လှန်ရေးလုပ်တာ။ ဒီမူးယစ်ဆေး လုပ်ဆောင်နေတဲ့ အပိုင်းမှာ အဖွဲ့တွေ များတာတော့ သိပါတယ်။ ဒါပေမဲ့ မဆိုင်ဘဲ ကေအဲန်ယူကို ဆွဲထည့်တာတော့ လုံးဝ မဖြစ်သင့်ဘူးဗျ။ မတရား စွပ်စွဲတယ်ဆိုတာ အလုပ်နဲ့တင် ကျနော်တို့ သက်သေပြလို့ ရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က စိတ်ကြွ မူးယစ်ဆေး (၆) သန်းကျော်ကို ကေအဲန်ယူ တပ်မဟာ (၇) ဖားအံခရိုင် အတွင်း ဖမ်းဆီးရမိခဲ့ပြီး ကေအဲန်ယူ တာဝန်ရှိသူများ ဦးဆောင်ကာ မီးရှို့ဖျက်ဆီးခဲ့သည့် အခမ်းအနား အစီအစဉ်ကို ပြုလုပ်ခဲ့သည်။
ထိုစဉ်က မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးမှုနှင့် ပတ်သက်ပြီး ကေအဲန်ယူ ပါဝင်ပတ်သက်ခြင်း မရှိဟု အစီအစဉ်အတွင်း ဗဟိုကော်မတီဝင် ပဒိုနော်ဒါးဒါးက ပြောဆိုခဲ့သေးသည်။
ယခု ရှမ်းမြောက် မူးယစ်ဆေးအမှုနှင့် ပတ်သက်၍မူ ကေအဲန်ယူ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ စိုးမိုးသည့် လွိုင်ကော်-တောင်ငူ လမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ မူးယစ်ဆေး တင်သွင်းနေခြင်း ဖြစ်ကြောင်း စစ်အုပ်စုက စွပ်စွဲ ပြောဆိုခဲ့သည်။
ကေအဲန်ယူဘက်ကလည်း နယ်စပ်ဖြတ်ကျော် လမ်းကြောင်းမှတဆင့် ၎င်းတို့ ထိန်းချုပ်နယ်မြေသို့ စိတ်ကြွ မူးယစ်ဆေးများ ရောက်လာခြင်းဖြစ်ပြီး ယင်းကို တိုက်ဖျက်မှုအပြင် ထိုင်း-မြန်မာ နယ်စပ်ရှိ အွန်လိုင်း ငွေလိမ်လုပ်ငန်းများ ပပျောက်ရေးအတွက်လည်း အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်း လုပ်ဆောင်ရန် အသင့်ရှိသည်ဟု ဆိုသည်။
“မူးယစ်ဆေးဝါးဆိုတာ ရန်သူပဲ၊ ငွေလိမ်ဂိုဏ်းဆိုတာလည်း ဘယ်သူတွေ အရင်းခံဖြစ်လဲ လူတိုင်း သိတယ်။ ဟန်ပြလုပ်လို့ မရဘူး။ သက်သေ လျှောက်ဖြတ်ရမှာ မဟုတ်ဘဲ ပါဝင်ပတ်သက်သူတွေကို ထုတ်ဖော်ရမှာက အစိုးရတွေရဲ့ တာဝန်။ ကျနော်တို့အနေနဲ့ကတော့ မူးယစ်ဆေးဝါးကိစ္စ၊ ငွေလိမ် ဂိုဏ်းကိစ္စ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနဲ့ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတာ ပြောချင်တယ်။”ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။
ကေအဲန်ယူ နယ်မြေအတွင်း မူးယစ်ဆေး ရောင်းဝယ်စိုက်ပျိုးခြင်းနှင့် ဆေးဝါး ထုတ်လုပ်သူများကို ကော်သူးလေရာ ဇဝတ်ဥပဒေ ပုဒ်မ ၁၈၀၊ ၁၈၁၊ ၁၈၂၊ ၁၈၃ နှင့် ၁၈၄ တို့ဖြင့် အရေးယူ ဆောင်ရွက်နိုင် ကြောင်း ပြဌာန်းဖော်ပြထားသည်။ ၎င်းအပြင် စာသင်ကျောင်းများအပါအဝင် ကျေးရွာများတွင်လည်း ကေအဲန်ယူမှ မူးယစ်ဆေး အသိပညာပေး ဆောင်ရွက်ခြင်းများကို မကြာခဏ လုပ်ဆောင်နေသည်။
ထို့အပြင် ကေအဲန်ယူ ပါဝင်သော ကရင့်လက်နက်ကိုင် လေးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်ရေး လုပ်ငန်းကော်မတီက တပ်မဟာ (၇) ဖားအံခရိုင်တွင် မူးယစ်ဆေး သုံးစွဲ၊ ရောင်းချ၊ ထုတ်လုပ်ခြင်းများနှင့် ပတ်သက်ပြီး ဥပဒေ ချမှတ်အရေးယူမည်ဟု လက်မှတ်ထိုး သဘောတူထားသည်။
သို့သော် သဘောတူညီချက်အရ ကော်မတီက ထိထိရောက်ရောက် မကိုင်တွယ်နိုင်ကြောင်း အပြု သဘောဆောင် ထောက်ပြမှုများရှိခဲ့သည်။ ကရင့်လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် နေရာအချို့ တွင်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရောင်းဝယ်သုံးစွဲမှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။







