မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်စဖို့စစ်တပ်ကလုပ်ဆောင်လာမှုအပေါ် ဝိုင်းဝန်းကာကွယ်တားဆီးပေးကြဖို့ မြစ်ကြီးနားမြို့ခံတွေ တောင်းဆိုနေပါတယ်။
မြန်မာပြည်ရဲ့အသက်သွေးကြောလို့ဆိုရမယ့် မေခမြစ်နဲ့ မလိခမြစ်ပေါင်းဆုံရာမြစ်ဆုံဒေသဟာ သဘာ၀အလျောက်ထိန်းသိမ်းထားသင့်တဲ့နေရာဖြစ်သလို သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့အတွက် ပျောက်ကွယ်မသွားဖို့သက်ဆိုင်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အနေနဲ့ဝိုင်းဝန်းကာကွယ်တားဆီးပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေတာဖြစ်ပါတယ်။
“မလိခနဲ့အင်မိုင်ခဆိုတာ အခြားမြစ်တွေနဲ့မတူဘူး အရမ်းကြောက်စရာကောင်းတယ်။ ရေအားအရမ်းပြင်းတဲ့မြစ်တွေဖြစ်တယ်။ ဒါကြောင့် ဒီနေရာမှာ လုံး၀ရေကာတာဆောက်လို့ မဖြစ်ပါဘူး။ အန္တရာယ်ကြီးတဲ့နေရာဖြစ်တဲ့အတွက် ဒီနေရာမှာ ရေကာတာမဆောက်လုပ်ဖို့ အစိုးရအနေနဲ့ရော သက်ဆိုင်ရာကိုပြောပေးဖို့၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ရော ဒါကို ကာကွယ်ပေးဖို့၊ သက်ဆိုင်ရာကို ပြောပေးဖို့၊တောင်းဆိုပေးဖို့ ဆန္ဒပြုချင်တာဟုတ်တယ်။” လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားမြို့ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကျရောက်တဲ့ ကချင်ပြည်နယ်နေ့မှာလည်း အင်အား ၆၀ ကျော်နဲ့ ဧရာ၀တီမြစ်ကမ်းဘေးတစ်နေရာမှာ မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ကချင်ပြည်နယ်နေ့မှာ အဲဒီလိုလှုပ်ရှားမှုပြုလုပ်ရခြင်းရဲ့ ရည်ရွက်ချက်က ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ဝိုင်းဝန်းတားဆီးပေးဖို့ အဓိကတောင်းဆိုချင်တာဖြစ်တယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့တဲ့ ဒီဧရာ၀တီမြစ်ဆုံ စီမံကိန်းရပ်နားခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ ဧရာဝတီမြစ်ဆုံ–မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း ကနဦးအမိန့်ကြေညာစာထုတ်ပြန်လာပါတယ်။
အဲဒီနောက်မှာတော့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ပြန်လာပြီးနောက် မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား မြစ်ဆုံစီမံကိန်းအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ မန္တလေး–မူဆယ် ရထားလမ်းစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထပ်မံထုတ်ပြန်လာပါတယ်။
ဒါကြောင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်အပြင် ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့-KIO ဘက်ကလည်း တားဆီးပေးဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်တောင်းဆိုသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တစ်ခါငြိမ်သက်သွားပြီဆိုတဲ့အရာက ပြန်ရှင်လာပြီး ကျနော်တို့ကို စိတ်ဒုက္ခပြန်ပေးနေတာကြောင့် စိတ်ထိခိုက်နေတာတွေရှိတယ်။ တစ်ခုက ဒီမြစ်ဆုံရေကာတာစီမံကိန်း မဖြစ်မြောက်အောင် ကျနော်တို့ ပြင်းပြင်းထန်ထန် ဝိုင်းဝန်းကန့်ကွက်သွားကြရမှာဖြစ်တယ်။ ကျနော်တို့ပဲ အားမရှိတာကြောင့် ဒီနေ့တာဝန်ရှိနေတဲ့ ကချင်ပြည်နယ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအစိုးရ-KIO တွေကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”လို့ မြစ်ကြီးနားဒေသခံလူငယ်တစ်ဦးကလည်း ပြောပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ လျှပ်စစ်စွမ်းအင်မလုံလောက်တဲ့အကြောင်းပြချက်တဲ့ တရုတ်အစိုးရဆီ မြစ်ဆုံကိုရောင်းလိုက်ဖို့ ကြံရွယ်နေပြီး ကန့်ကွက်တဲ့သူတွေကိုလည်း ဖမ်းဆီးအရေးယူမယ်လို့ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်းရဲ့ အကျိုးအမြတ်ကို တရုတ်အစိုးရကသာ အဓိကခံစားရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ဘေးထွက်ဆိုးကျိုးတွေက မြန်မာပြည်တစ်ပြည်လုံးကို သက်ရောက်မှုရှိနေတာကြောင့် ဒီမြစ်ဆုံစီမံကိန်းကို လူထုနဲ့ရပ်တည်ကာ NUG အစိုးရကလည်း တားဆီးသွားမယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေဟာ အစားထိုးမရအောင်ကြီးမားနေတဲ့အပြင် ဆည်မြောင်းနဲ့နှုန်းမြေစီးဆင်းမှုရပ်တန့်သွားရင် ဧရာ၀တီတိုင်းကလယ်ယာမြေတွေ မြေဆီလွှာပျက်စီးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
မြစ်ဆုံစီမံကိန်းကြောင့် မြန်မာပြည်အထက်ပိုင်းအပြင် အောက်ပိုင်းဒေသတွေအထိပါ ဆိုးကျိုးတွေ သက်ရောက်လာနိုင်မယ့် အလားအလာများစွာရှိနေတဲ့အထဲမှာ အစိုးရိမ်ရဆုံးကတော့ မြစ်ဆုံရေကာတာဆောက်လုပ်မယ့်နေရာဟာ စစ်ကိုင်းငလျင်ပြတ်ရွေ့နဲ့ နီးကပ်လွန်းနေတာကြောင့် ဆည်ကျိုးပေါက်ခဲ့ရင် ကချင်ပြည်နယ်ထဲက မြို့ကြီးတွေ မိနစ်ပိုင်းအတွက် ရေအောက်ရောက်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ဦနေဘုန်းလတ်က ထောက်ပြပြောဆိုထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကစတင်ခဲ့တဲ့ Myitsone Dam Project ( မြစ်ဆုံရေကာတာစီမံကိန်း) ဟာ တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း( China Power Investment Corporation (CPI) နဲ့ မြန်မာအစိုးရ ဦးသန်းရွှေလက်ထက် ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။
ဒီစီမံကိန်းကြောင့် မြစ်ဆုံအနီးတဝိုက်မှာရှိတဲ့ တန်ဖရဲ(Tang Hpare) ကျေးရွာ၊ မလိယန်( Mali yang) ကျေးရွာတွေအပါအဝင် ရွာပေါင်း ၆ ရွာခန့် အတင်းအဓ္ဓမပြောင်းရွှေ့ခံခဲ့ရပြီး ဒေသခံပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းနှင့် မြေယာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ပါတယ်။
မြစ်ဆုံစီမံကိန်းဟာ ဧရာ၀တီမြစ်ကြောင်း မြစ်လက်တက်ပေါ် ရေအားလျှပ်စစ် ဆည် ၇ ခု တည်ဆောက်ဖို့ ဆောက်လုပ်နေတဲ့စီမံကိန်းဖြစ်ပြီး ဒီစီမံကိန်းဟာ ကချင်ဒေသခံပြည်သူတွေအတွက်သာမက မြန်မာတစ်ပြည်နယ်လုံးကို ခြိမ်းခြောက်လာနိုင်မယ့် အန္တရာယ်ရှိနေတာကြောင့် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတွေအပြင် မြန်မာလူထုတစ်ရပ်လုံးက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
လူထုအပြင်းအထန်ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပေမဲ့ တရားဝင်ဖျက်သိမ်းခြင်းမဟုတ်ပဲ ယာယီရပ်နားခြင်းသာ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် မြစ်ဆုံစီမံကိန်းကို အဓိကတာဝန်ယူလုပ်ဆောင်နေတဲ့ တရုတ်ကုမ္မဏီတွေလည်း ထွက်ခွာသွားခြင်းမရှိပဲ လက်ရှိ ၁၀ နှစ်ကျော်ကြာအထိ မြစ်ဆုံစီမံကိန်း ကန့်သတ်နယ်မြေကို စစ်တပ်နဲ့အတူ လုံခြုံရေးယူထားပြီး စီမံကိန်းပြန်လည်စနိုင်ဖို့ အချိန်ကောင်းကို စောင့်မျှော်ကာ လက်ဆက်ရှိနေကြဆဲ အခြေအနေဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ကချင်လူထုတွေဟာ မြစ်ဆုံရေကာတာစီမံကိန်းယာယီမဟုတ်ပဲ ထာ၀ရရပ်တန့်သွားဖို့နဲ့ တရုတ်ကုမ္မဏီတွေ မြန်မာပြည်ထဲကနေ အမြန်ထွက်သွားဖို့ ၊ ဧရာ၀တီမြစ်ကြီး ထာ၀ရစီးဆင်းနိုင်ဖို့ နဲ့ ဒေသခံပြည်သူတွေ မိမိနေရပ်
ကို အပြီးအပိုင်ပြန်လည် နေရပ်ပြန်ပြီး လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်ရရှိဖို့ ဆန္ဒပြလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ဆောင်နေတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံနဲ့ စီးပွားရေး၊ စွမ်းအင်စီမံကိန်းတွေကို ပြန်လည်ညှိနှိုင်းလာခဲ့ချိန် ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းလည်း ပါဝင်လာပြီး လက်ရှိ စစ်ကော်မရှင်နဲ့ တရုတ်ဟာ နောက်ကွယ်မှာ ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်ကစပြီး မြစ်ဆုံကို ပြန်စနိုင်ဖို့ စစ်ကော်မရှင်တပ်ရဲ့ လုပ်ဆောင်မှုတွေဟာ ပိုမိုထင်ရှားလာပြီး ၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ထုတ်ပြန်ကြေညာစာ ထုတ်လာတာဖြစ်ပါတယ်။
စစ်တပ်ဖွဲ့စည်းထားတဲ့ မြစ်ဆုံ–မြစ်ညာမြစ်ဝှမ်း စီမံကိန်းဦးဆောင်အဖွဲ့ ကလည်း လက်ရှိမှာ မြစ်ကြီးနားမြို့တွင်း ပြည်သူလူထု၊ ဘာသာရေးခေါင်းဆောင်တချို့နဲ့ တွေ့ဆုံ စည်းဝေးတာတွေ လုပ်ဆောင်နေပြီး မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး စည်းရုံးပြောဆိုမှုတွေ လုပ်ဆောင်နေတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။
မြစ်ကြီးနားမြို့နဲ့ ၂၆ မိုင်ခန့်အကွာမှာရှိတဲ့ မေခ နဲ့ မလိခ မြစ်ပေါင်းဆုံ မြစ်ဆုံဟာ အဏာမသိမ်းခင် နိုင်ငံရေးတည်ငြိမ်ခဲ့စဉ်တုန်းက မြစ်ဆုံရဲ့သဘာ၀အလှက ခရီးသွားပြည်သူတွေကို ဆွဲဆောင်ပြီး စိတ်ချမ်းမြေ့မှုကို ပေးနိုင်တာကြောင့် ခရီးသွားသူတွေ စိတ်ဝင်စားခဲ့တဲ့ နေရာလေးဖြစ်ခဲ့တဲ့အပြင် ဒေသခံတွေအတွက်လည်း ဝင်ငွေအခွင့်အလမ်းတစ်ခုရခဲ့တဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ မြစ်ဆုံဒေသတစ်ခုလုံးမှာလည်း ရွှေတူးဖော်မှုတွေ ဆိုးရွားစွာလုပ်ဆောင်ခဲ့တာကြောင့် သဘာ၀ပတ်ဝန်းကျင် ဆိုးရွားစွာပျက်စီးနေပြီး မြစ်ရေလမ်းကြောင်းတွေလည်း ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
အဖက်ဖက်ကနေ ဖျက်စီးခံနေရတဲ့ ဧရာ၀တီမြစ်ကြီးမှာ အခုလို ဘိုးဘွားပိုင်အမွေအနှစ်သမိုင်းဝင်နေရာကိုပါ ပျောက်ကွယ်သွားစေမဲ့ မြစ်ဆုံရေကာတာစီမံကိန်းကြီးကို မြန်မာလူထုတစ်ရပ်လုံးက ဝိုင်းဝန်းတားဆီး ကန့်ကွက်လိုက်နိုင်ဖို့ ဒေသခံလူထုတွေက တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။







