ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်ကြားက အကြီးမားဆုံးသော မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေကို စစ်တပ်က စစ်ဆင်ရေးတစ်ခုပြုလုပ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
“ သမိုင်းတစ်လျှောက် မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ အကြီးမားဆုံးနဲ့ ပမာဏအများဆုံး ရှင်းလင်းဖျက်ဆီးခဲ့တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
ဒီနေရာဟာ (SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းပါဝင်တဲ့နေရာတွေဖြစ်သလို (MNDAA) တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း သွားလာလှုပ်ရှားနေတဲ့နေရာတွေလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး SSPP/SSA ရဲ့ တပ်ဖွဲ့ဝင်တွေမဟုတ်သလို လုံးဝပတ်သက်မှုမရှိကြောင်း ဇန်နဝါရီလ( ၁၀) ရက်နေ့မှာ SSPP/SSA က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ( ၈ ရက်နေ့မှ (၁၂) ရက်နေ့အထိ စစ်တပ်က သီပေါမြို့နယ် နမ့်စောင်ချောင်းတစ်လျှောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က တိုက်ရိုက် ကွပ်ကဲပြီး အနီးကပ် ကွပ်ကဲမှုကို အရှေ့အလယ်ပိုင်းတိုင်းမှူးက ပြုလုပ်တယ်လို့ဆိုပါတယ်။
ဒီစစ်ဆင်ရေးအတွင်းမှာ မူးယစ်ဆေးဝါးကို ချက်လုပ်နိုင်မယ့် ကျပ် (၅၄၀) ဘီလီယံ တန်ဖိုးရှိ အိုက် (၂၇) တန် ဖမ်းဆီးရမိခဲ့ပြီး အဲ့တာတွေကို စိတ်ကြွရူးသွပ်ဆေးပြားအဖြစ်ပြောင်းလဲမယ်ဆိုရင် သန်း (၈၁၀) အထိထုတ်လုပ်နိုင်မှာလို့ သိရပါတယ်။
ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖမ်းဆီးရမိမှုရဲ့ ၃၃ ရာခိုင်နှုန်းကျော်ရှိတယ်လို့ သူကပြောပါတယ်။
ဖမ်းဆီးရမိတဲ့နေရာက ထုတ်ပိုးထားတဲ့ တံဆိပ်တွေဟာ ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ထုတ်ပိုးမှုနဲ့ ပုံစံတူဖြစ်နေပြီး ဒီနေရာတွေဟာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ မူလပင်ရင်းနေရာတွေဖြစ်နိုင်တယ်လို့ စစ်ကော်မရှင်ကပြောပါတယ်။
ဒီကနေ ထုတ်လုပ်လိုက်တဲ့မူးယစ်ဆေးဝါးတွေဟာ လမ်းကြောင်းသုံးခုနဲ့ မလေးရှား၊ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံအတွင်းသို့ သွားရောက်နေတာဖြစ်တယ်လို့ ပြောပါတယ်။
မူးယစ်ဆေးဝါး ချက်လုပ်တဲ့ နေရာသုံးခုမှာ ပလပ်စတစ်ကာ အဆောက်အဦး အလုံး (၅၀) ၊ ဂိုဒေါင် (၃၃) လုံး၊ မူးယစ်ဆေးဝါးချက်လုပ်ဖို့အသုံးပြုတဲ့ ဂတ်စ်အိုး (၃၃) လုံး၊ ဖိုင်ဘာပေပါ (၁၃၁၂) လုံး၊ သံပေပါ (၃၃၆) လုံး နဲ့ ဆက်စပ်ပစ္စည်းအများအပြားသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖမ်းဆီးရမိတဲ့နေရာတွေကို နိုင်ငံတကာ သံရုံးနဲ့ စစ်သံမှူးတွေကို လိုက်လံပြသခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရေးလမ်းကြောင်းတွေကို ရှင်းပြခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။







