ကျောက်ဖြူတိုက်ပွဲတွင် ရှေ့တန်းရောက် စစ်တပ်စစ်ကြောင်းများ အထိနာ၍ နောက်ဆုတ်သွား

ကျောက်ဖြူတိုက်ပွဲတွင် ရှေ့တန်းရောက် စစ်တပ်စစ်ကြောင်းများ အထိနာ၍ နောက်ဆုတ်သွား

သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌သို့ရောက်ရှိလာသောစစ်ကြောင်းများသည် အထိနာသည့်အတွက် ဒဏ်ရာရစစ်သားများကို ဆွဲထုတ်ကာ နောက်ဆုတ်ပေးခဲ့ရကြောင်း သတင်းရရှိသည်။

အာရက္ခတပ်တော်(AA)နှင့် စစ်ကော်မရှင်တပ်တို့၏ ဇန်နဝါရီလအစမှစတင်ကာ ပြင်းထန်စွာဖြစ်ပွားနေသည့် သစ်ပုတ်တောင်တိုက်နယ်၊ ဓညဝတီရေတပ်ဌာနချုပ်အနီး၊ မင်းပြင်နှင့် သိုင်း‌ချောင်းတိုက်ပွဲတို့အတွင်း ရှေ့တန်းစစ်မျက်နှာသို့အပို့ခံထားရသည့် စစ်ကော်မရှင်တပ်၏ စစ်ကြောင်းများသည် AA ၏ ဒရုန်း၊ လက်နက်ကျည်အပြင် ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် အထိနာကျဆုံးများလျက်ရှိသည်ဟု သိရသည်။

ယင်းသို့ အထိနာနေသည့်အတွက် စစ်ကော်မရှင်ဘက်မှ ဒဏ်ရာရစစ်သားများကို ဆွဲထုတ်ပြီး နောက်သို့ဆုတ်ပေးထားရသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"ရှေ့တန်းစစ်ကြောင်းတွေ အထိနာကျဆုံးများတယ်။ လက်နက်ကြီး၊ ဒရုန်းကြောင့်လည်း ပါတယ်။ ကြားဖြတ်တိုက်ခိုက်ခံရတာတွေ ပါတယ်။ ရှေ့တန်းစစ်ကြောင်းတွေ နောက်ကိုပို့ထားရတယ်။ ဒဏ်ရာရသေဆုံးသူများလို့ နောက်က စစ်ကူစစ်ကြောင်းတွေလာပြီး ဆွဲထုတ်သွားရတယ်" ဟု ပြောသည်။

ယခင်က ထိုးစစ်ဆင်လာပြီး နေရာယူထားသည့် စစ်ကော်မရှင်စစ်ကြောင်းများမှာ အထိနာကျဆုံးများသည့်အတွက် နောက်တန်းသို့အပို့ခံရကာ နောက်ကလာသည့် စစ်ကူစစ်ကြောင်းများသည်လည်း နဂိုမူလနေရာတွင် မနေရဲဘဲ နောက်ဆုတ်နေရသည်ဟု ကျောက်ဖြူမှ မြေပြင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"နောက်ဆုတ်သွားတာက ဒဏ်ရာရအထိနာစစ်ကြောင်းတွေပေါ့နော်။ အဲဒီနေရာမှာ အစားထိုးဖို့တက်လာတဲ့စစ်ကြောင်းတွေကတော့ အရင်ကလို ကာကင်းစခန်းတွေမှာစခန်းချထိုင်ပြီးမနေရဲတော့ နေရာအနှံ့ခွဲပြီးနေကြတယ်။ အခုနှစ်ရက်ရှိပြီ တိုက်ပွဲငြိမ်နေတာ" ဟု ပြောသည်။

ကျောက်ဖြူတွင် ဇန်နဝါရီလ ၁၀ ရက်မှစ၍ လက်နက်ငယ်ပစ်ခတ်သံများငြိမ်သက်နေပြီး လက်နက်ကြီးကျည်ပစ်ခတ်မှုများသာ ကြားရသည်ဟု မြို့ခံများက ပြောသည်။

မကြာသေးခင်ရက်ပိုင်းကလည်း ကျောက်ဖြူရှိ အမှတ် (၃၂)ရဲတပ်ရင်းထဲသို့ AA က ပစ်ခတ်သည့်လက်နက်ကြီးကျည် သုံးလုံးကျရောက်ပေါက်ကွဲပြီး အဆောင်များပြိုပျက်ကာ သေ‌ဆုံးထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်ဟု စစ်တပ်နှငိ့နီးစပ်သူများက နိရဉ္စရာကို အတည်ပြုပြောဆိုထားသည်။

ဇန်နဝါရီလ ၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ်(၃၂)ရဲတပ်ရင်းတို့မှ ပူးပေါင်း၍ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းသည် သစ်ပုတ်တောင်တိုက်နယ် ဒိုးမတောင် ဦးဂင်းဝန်းကျင်၌ AA ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံရ၍ ဗိုလ်အဆင့်အပါအဝင် စစ်ကြောင်းပါအင်အား ထက်ဝက်ခန့်‌ကျသွားခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ကျောက်ဖြူမြို့မြို့ပြင်တွင် တည်ရှိသည့် အမှတ်(၃၂)ရဲတပ်ရင်းနှင့် သစ်ပုတ်တောင်တိုက်နယ်အနီးတွင် ထောက်ပို့လုပ်ပြီး ကင်းလှည့်နေသော စစ်ကြောင်းများကို AA က ပြောက်ကျားစနစ်ကိုအခြေခံသည့် နည်းဗျူဟာအသစ်တို့ဖြင့် တိုက်ခိုက်နေသည့်အတွက် စစ်တပ်ဘက်က အသေအပျောက်များနေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်များက ပြောကြားသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...