မြစ်ဆုံစီမံကိန်း လုံးဝရပ်တန်ရေး ကချင်ပြည်နယ်နေ့မှာ တောင်းဆို

မြစ်ဆုံစီမံကိန်း လုံးဝရပ်တန်ရေး ကချင်ပြည်နယ်နေ့မှာ တောင်းဆို

ကချင်ပြည်နယ်ရဲ့ ပြယုဂ်၊ အထင်ကရနေရာတစ်ခုဖြစ်သလို မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်ဆုံမှာ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်တာကို လုံးဝရပ်တန့်ရေး မြစ်ကြီးနားဒေသခံအချို့က ဒီကနေ့ကျရောက်တဲ့ ကချင်ပြည်နယ်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

မြစ်ကြီးနား၊ ဆင်ဘို၊ တာလောကြီး၊ ဝိုင်းမော်နဲ့မိုးကောင်းမြို့ကပြည်သူတွေ အယောက် ၈၀ နီးပါ ကဧရာဝတီမြစ်ကြောင်းတစ်နေရာမှာ စုဝေးပြီး ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေအနေနဲ့ ဒါကိုနားလည်နိုင်ပြီး ကာကွယ်နိုင်ဖို့အတွက် သက်ဆိုင်ရာအာဏာပိုင် အဆင့်ဆင့်ကို တင်ပြပေးဖို့ ဒေသခံပြည်သူတွေအနေနဲ့ တောင်းဆိုတာဖြစ်ကြောင်း ပြည်သူတစ်ဦးက ပြောပါတယ်။

"ဒီမြစ်ဆုံဒေသဆိုတာ အထင်ကရ၊ သမိုင်းဝင်နေရာဖြစ်တယ်။ ဒါကိုလုပ်လိုက်ရင် ဘေးပတ်ဝန်းကျင်မှာ အားလုံးပျက်စီးဆုံးရှုံးပြီး၊ ရေအိုင်တွေဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် ဒါကို ထာဝရတည်ရှိနေစေဖို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ဖြစ်ဖြစ် သက်ဆိုင်ရာကို ကာကွယ်တင်ပြပေးဖို့ တောင်းဆိုချင်တယ်။" လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ကြီး ဖြစ်ပေါ်လာရာ မြစ်ဆုံဒေသ ထာဝစဉ်တည်မြဲနေစေဖို့ ကချင်ပြည်နယ်အတွင်းက ပြည်သူတွေသာမက ဧရာဝတီမြစ်ကို မှီခိုအသက်ရှင်နေတဲ့ မြန်မာနိုင်ငံသားအားလုံး ဝိုင်းဝန်းကန့်ကွက်ကြဖို့ကိုလည်း တောင်းဆိုလိုကြောင်း ဒေသခံတွေက ပြောပါတယ်။

ကချင်လူမျိုးတွေရဲ့ ရိုးရာယုံကြည်မှုတွေမှာ မြစ်၊ တောင်၊ သစ်တောတွေဟာ ဘိုးဘွားတွေရဲ့ သမိုင်းကြောင်း၊ ကချင်လူမျိုးတွေအတွက် အမှတ်သင်္ကေတ၊ ကချင်လူမျိုးတွေရဲ့ ဂုဏ်သိက္ခာ၊ ကချင်လူမျိုး ကောင်းကျိုးရရှိဖို့ ကာကွယ်ပေးတဲ့ အင်အားတွေတည်ရှိရာ လည်းဖြစ်ကြောင်း နောက်ထပ်မြစ်ကြီးနားမြို့ခံက ပြောပါတယ်။

"မြစ်ဆုံပျက်စီးသွားရင်၊ လူမျိုးရဲ့ ဝိညာဉ်၊ လူမျိုးတစ်ခုလုံးရဲ့ ကံကြမ္မာပါ ထိခိုက်မယ်လို့ စိုးရိမ်ပါတယ်။ ဒါ့အပြင် ဘဝအခြေခံအနေနဲ့ မြစ်ဆုံပတ်ဝန်းကျင် ကချင်လူမျိုးဒေသခံတွေရဲ့ လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ သစ်တောအရင်းအမြစ်တို့နဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေကြတဲ့သူတွေ အများကြီးရှိပါတယ်။"လို့ပြောပါတယ်။

စစ်ကော်မရှင်က မြစ်ဆုံဆည်တည်ဆောက်ရေး ကန့်ကွက်သူတွေကို အရေးယူမယ်လို့ ဆိုထားပေမဲ့ ဒီအတိုင်းထားလိုက်ရင် ပျက်စီးသွားမှာကိုပိုမလိုလားတဲ့အတွက် မိမိတို့ပြည်နယ် မပျက်စီးရေး တတ်နိုင်တဲ့ဘက်က တောင်းဆိုနေတာလို့လည်း မြစ်ကြီးနားမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

"အဲဒါကို ဒီအတိုင်းပဲ ကြည့်နေမှာလား။ ဒါကို မလိုလားကြောင်း တင်ပြသူတွေမရှိရင် ပိုဆိုးရွားလာမှာ၊ တစ်နိုင်ငံလုံးလည်း ပျက်စီးဆုံးရှုံးပြီး ကချင်တစ်ပြည်နယ်လုံး၊ မြန်မာတစ်နိုင်ငံလုံးလည်း ရေအောက်မြှုပ်သွားနိုင်ချေရှိတာဖြစ်လို့ ဒါကို ကြောက်ရွံ့တဲ့ကြားကနေ မဖြစ်မနေလုပ်ဆောင်ရတာ ဖြစ်ပါတယ်။"လို့ ဆိုပါတယ်။

စီမံကိန်းဧရိယာဟာ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနဲ့ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) လောက်သာ ဝေးတာကြောင့်လည်း ငလျင်ကြီးလှုပ်ခတ်ခဲ့ရင် ရေကာတာကျိုး/ပြိုကျနိုင်တဲ့ အန္တရာယ်ရှိပြီး မြစ်ကြီးနားမြို့ဟာ ရေအောက်မြုပ်သွားမယ်လို့လည်း ပြောဆိုမှုတွေ ရှိနေတာပါ။

ပညာရှင်တွေရဲ့ အစီရင်ခံစာအရ မြစ်ဆုံစီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်တဲ့ ဧရိယာဟာ စင်ကာပူနိုင်ငံအရွယ်အစား ၀န်းကျင်ရှိပြီး လူပေါင်းသောင်းချီ ရွှေ့ပြောင်းရနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်ဆုံဆည်တည်ဆောက်မှုကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဇီဝမျိုးစိတ်တွေရဲ့ အသက်ရှင်မှုအပါအဝင် ပြောင်းလဲမှုမျိုးစုံ ဖြစ်လာနိုင်တာကြောင့် ဧရာဝတီမြစ်ကို မှီခိုနေရတဲ့ မြန်မာနိုင်ငံရဲ့ လူမှုဘဝတွေဟာလည်း ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

မနှစ်က ဒီဇင်ဘာလ ၁၆ ရက်နေ့က စစ်ကော်မရှင်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြစ်ကြီးနားမြို့ကိုရောက်ချိန် မြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရာမှာ လျှပ်စစ်ဓာတ်အားကို အရင်က မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်ဖို့မှန်းထားရာမှ အခု ၅၆,၀၀၀ ထုတ်လုပ်နိုင်ဖို့ မှန်းထားကြောင်း အခြေအနေသစ်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် စစ်ကော်မရှင်ဟာ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ဖို့ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီးမံကိန်း ဦးဆောင်အဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းထားပါတယ်။

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်တွေနဲ့ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး(NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဇန်နဝါရီလ ၆ ရက်နေ့ကပဲ ပြောကြားထားပါတယ်။

မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်ဆိုးကျိုးတွေဟာ အစားထိုး မရနိုင်အောင်ကြီးမားပြီး ဆည်ကြောင့် နုန်းမြေစီးဆင်းမှု ရပ်တန့်သွားရင် ဧရာဝတီတိုင်းရဲ့ လယ်ယာမြေတွေရဲ့ မြေဆီလွှာ ပျက်စီးသွားမှာ ဖြစ်သလို မြစ်ရေစီးအား မမှန်ကန်တော့တဲ့အတွက် ပင်လယ်ဆားငန်ရေတွေ ကုန်းတွင်းပိုင်းကို လျှံတက်လာပြီး မြစ်ဝကျွန်းပေါ် ဒေသတစ်ခုလုံး စိုက်ပျိုးလို့မရနိုင်အောင် ပျက်စီးသွားနိုင်တယ်လို့လည်း NUG က ဆိုထားပါတယ်။

မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး ၁၀ စုနှစ်တစ်စုကျော်ကြာ ယာယီရပ်ဆိုင်းခဲ့တာဖြစ်ပေမဲ့ အခုချိန်မှာတော့ ပြန်လည်အကောင်ထည်ဖော်နိုင်ဖို့အတွက် စစ်ကော်မရှင်က ကြိုးစားနေတာပါ။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

January 10, 2026
- မြစ်ကြီးနား - ကန်ပိုက်တီလမ်းပိုင်းမှာ ကုန်စည်သယ်ယူပို့ဆောင်နေတဲ့ ကုန်ကားတွေကို...
January 7, 2026
ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အစွမ်းကုန်...
December 17, 2025
စစ်ကော်မရှင်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မြစ်ကြီးနားမြို့ကို ရောက်တဲ့အချိန်...
December 16, 2025
စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ...