ဟားခါးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိ ၃ ဦးသေဆုံး

ဟားခါးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိ ၃ ဦးသေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ဟားလ်တာ (Halta) ကျေးရွာနှင့် ဟိုင်ဖိုင် (Haiphai) ကျေးရွာတို့ကို စစ်ကော်မရှင်တပ်က ယမန်နေ့ ဇန်နဝါရီလ ၄ ရက် ညသန်းခေါင်ယံအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဟားလ်တာရွာမှ သားအမိ ၃ ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်တပ်သည် ဇန်နဝါရီ ၄ ရက် ညသန်းခေါင်ယံ ၁၂:၀၀ နာရီမှ နံနက် ၂:၀၀ နာရီ ဝန်းကျင်တွင် ရွာသူရွာ သားများ အိပ်မောကျနေစဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ဗုံးသီးသည် ဟားလ်တာရွာရှိ သေဆုံးသွားသူ Te Tum  တို့၏ နေအိမ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်တွင်းရှိ မိခင်ဖြစ်သူ အသက် ၄၀ အရွယ် Te Tum နှင့် သားဖြစ်သူ ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ၎င်း၏ အမျိုးသားဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

နီးစပ်သူအမျိုးသမီးတစ်ဦးက "ဒီည လေယာဉ်လာပြီး ရွာကို ဗုံးကြဲတယ်။ Te Tum တို့အိမ်ပေါ်ကျသွားတာ။ သူတို့ သားအမိ ၃ ယောက် သေသွားတယ်။ သူ့အမျိုးသားကလည်း ဒဏ်ရာရထားတယ်၊ ဒဏ်ရာက ပြင်းထန်တယ်လို့ သိရတယ်" ဟု ပြောသည်။

ဟိုင်ဖိုင်ကျေးရွာကိုလည်း စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့ပြီး လူသေဆုံးမှုမရှိသော်လည်း နေအိမ်နှင့် အဆောက် အအုံအချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ 

အိမ်ခြေ ၈၀ ဝန်းကျင်ရှိသော ဟားလ်တာကျေးရွာသည် ဟားခါး - မှန်တော ကားလမ်းမကြီးအနီးတွင် တည်ရှိပြီး ဟားခါးမြို့မှ မိုင် ၇၀ ခန့် ကွာဝေးကာ ဆိုင်ကယ်ဖြင့် ၅ နာရီခန့် သွားလာရသည်ဟုသိရသည်။ 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းကလည်း ဟားလ်တာကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိုစဉ်က ဦးတိာလ်အုပ်နှင့် ဦးဒေါသ့်အုပ်တို့၏ နေအိမ်များ ပျက်စီးခဲ့ကာ ဦးဒေါသ့်အုပ် မိသားစုဝင် ၄ ဦး အပါအဝင် ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

March 10, 2026
ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူမှုဘဝတည်ငြိမ်အေးချမ်းရေးအတွက်...
March 9, 2026
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးလုံလောက်မှု မရှိသောကြောင့်...
March 6, 2026
ကြားကာလ ခူမီးချင်းမျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က...
March 5, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း သားငှက်တိရစ္ဆာန်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့်...