တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထားဝယ်ခရိုင် တပ်ရင်း(၂) မှ ရဲဘော်များအားလုံး ပြန်လွတ်လာပြီးဟု PDF အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကိုက ယနေ့ ဒီဇင်ဘာနေ့ ၁၉ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း (T5) တပ်ရင်းမှူး မင်းသားကြီး၊ တနင်္သာရီတိုင် စစ်ဌာန ဒရုန်းတပ်ရင်း ဒု-တပ်ရင်းမှူး ဒိုရာအပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၄၀ ကျော်ကို မြိတ်-ထားဝယ်ခရိုင် အခြေစိုက် KNLA တပ်မဟာ (၄)၊ တပ်ရင်း-၁၂ လက်အောက်ခံရှိ တပ်ဖွဲ့များက ဒီဇင်ဘာလ ၁၇ ရက်နေ့က လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံမှုအပေါ် နှစ်ဖက်တပ် တာဝန်ရှိသူတို့၏ သဘောထားကြီးကြီး ညှိနှိုင်းမှုဖြင့် ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တပ်ဖွဲဝင်များအားလုံး လက်နက်နှင့်အတူ မိခင်တပ်ရင်းသို့ ပြန်ရောက်ရှိပြီဟု စောဒါးကိုက ဆိုထားသည်။
“Happy Karen New year နဲ့အတူ ဒီနေ့ ထားဝယ်ခရိုင်တပ်ရင်း ၂ ရဲဘော်များအားလုံး မိခင်တပ်ရင်းသို့ လက်နက်နဲ့အတူ ပြန်ရောက်ပါပြီ။ မြေပြင်မှာ ခက်ခဲနေကြတဲ့ ကျနော်တို့တော်လှန်ရေးညီအကိုတွေကို အရမ်းဖိအားမပေးကြပါနဲ့ ကျနော်တို့ကသာ အသိဆုံးပါ အပြစ်ရှိတဲ့သူကိုလည်း စစ်စည်းကမ်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်” ဟု စောဒါးကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်ဘက်တပ်ဖွဲ့တို့က အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အောက်ခြေတပ်ဖွဲ့ဝင် အချင်းချင်းများကြား နားလည်မှုလွဲရာမှ ဖြစ်ပွားခဲ့သည်ဟု သိရသည်။







