KIO နဲ့ အိန္ဒိယတို့အကြား လျှို့ဝှက်စာချုပ် ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိကြောင်း KIO ပြော

KIO နဲ့ အိန္ဒိယတို့အကြား လျှို့ဝှက်စာချုပ် ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိကြောင်း KIO ပြော

မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား လျှို့ဝှက်သဘောတူညီမှုစာချုပ် ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မဟုတ်မမှန်တဲ့သတင်းသာဖြစ်တယ်လို့ KIO ပြောပါတယ်။

ဒီသတင်းဟာ ဒီဇင်ဘာလဆန်းပိုင်း ‘Silicon Valley Times’ ဆိုတဲ့ Website တစ်ခုကနေ စတင်ပြန့်နှံ့လာပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ မြန်မာပြည်တွင်း မီဒီယာတချို့က ပြန်လည်ဖော်ပြလာကြတာ ဖြစ်ပါတယ်။

ဒါဟာ ကချင်ကို အသုံးချပြီး တရုတ်နဲ့ အမေရိကန်ကြား နိုင်ငံရေး ဆော့ကစားနေတာဖြစ်သလို အမေရိကန်လော်ဘီ သတင်းမီဒီယာတွေရဲ့ ရေးသားခြင်းသာဖြစ်တယ်လို့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ခုလိုပြောပါတယ်။

“ပြင်ပက လူတွေရေးနေတဲ့သတင်းသာဖြစ်တယ် ကျနော်တို့အနေနဲ့ အဲဒါနဲ့ပတ်သက်ပြီး ဘာကတိကဝတ်ထားရှိထားတာမျိုးလည်း မရှိဘူး။ ဘယ်သူ့ကိုမှ တာဝန်ပေးထားတာမျိုးလည်း မရှိဘူး။ ဒါကြောင့် ဒီသတင်းကို ကျနော်တို့ KIO အနေနဲ့ ပြောချင်တာက မဟုတ် မမှန်တဲ့ သတင်းဖြစ်တယ်လို့ ပြောချင်တယ်။ သူတို့ နိုင်ငံရေး ဆော့ကစားနေတာပဲ ဖြစ်လိမ့်မယ် ဆိုလိုချင်တာက တရုတ်နဲ့ အမေရိကန်ကြား ဆော့ကစားနေတာမျိုး၊ ကျနော်တို့ ကချင်တွေကို အသုံးချပြီး ကြားမှာထားပြီး သူတို့ချင်း နိုင်ငံရေးဆော့ကစားနေတာပဲ ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်။”လို့ KIO သတင်းနှင့ ်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အိန္ဒိယနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား မြေရှားသတ္တုအတွက် လျှို့ဝှက်သဘောတူညီမှုတစ်ခုထားရှိထားတယ်ဆိုတဲ့ သတင်းကို ‘Silicon Valley Times’ ဆိုတဲ့ Website စတင်ဖော်ပြလာတာဖြစ်ပါတယ်။

‘Silicon Valley Times’ရဲ့သတင်းဖော်ပြချက်မှာ KIA နဲ့ အိန္ဒိယအစိုးရရဲ့ လျှို့ဝှက်သဘောတူစာချုပ်ဟာ မဟာဗျူဟာဆိုင်ရာ မဟာမိတ်ပူးပေါင်းမှုတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေမဲ့ လုပ်ရပ်လည်းဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

အိန္ဒိယရှိ အာရူနာချယ် ပရာဒေ့ရှ်ပြည်နယ်ကနေမှ ကချင်ပြည်နယ် ချီဖွေမြေရှားသတ္တုတူးဖော်ရေးနေရာအထိ ၃၆၅ ကီလိုမီတာရှည်လျားတဲ့ လမ်မကြီးကိုတည်ဆောက်နေတယ်လို့  ဂြိုဟ်တုကရတဲ့ပုံတွေနဲ့ နယ်စပ်ဖြတ်ကျော် ထောက်လှမ်းရေးသတင်းတွေအရ အတည်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။ 

ဒီလမ်းကြောင်းက အိန္ဒိယအတွက် မြေရှားသတ္တုတွေကိုရရှိစေမှာဖြစ်ပြီး အလဲအလှယ်အနေနဲ့  အိန္ဒိယက KIA ကို လက်နက်၊ ဆေးဝါး အကူအညီနဲ့ ထောက်ပို့ အကူအညီတွေပေးအပ်နိုင်တယ်ဆိုပြီး ‘Silicon Valley Times’ က ရေးထားတာဖြစ်ပါတယ်။ 

“ကျနော်တို့ လုပ်ရမဲ့လုပ်ငန်းအားလုံးကို ကော်မတီတွေဖွင့်ထားတယ်၊ သူ့ဌာနနဲ့သူရှိတယ်။ သူတို့အနေနဲ့ လိုအပ်တာအားလုံးကို တာဝန်ယူလုပ်ဆောင်နေတာဟုတ်တယ်။ ဒါကြောင့် လိုအပ်တာတွေရှိရင် အားလုံးကို သက်ဆိုင်ရာ ဘဏ္ဍာရေးဌာနနဲ့ ညှိနှိုင်းဆွေးနွေးပြီး လုပ်ဆောင်လာလိမ့်မယ်။ ဒါကြောင့် KIO အနေနဲ့ ပြင်ပကို ပရမ်းပတာလျှောက်လုပ်တာမျိုးတွေ ဘာမှမရှိပါဘူး။”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အိန္ဒိယတို့ကြား မြေရှားသတ္တုဆိုင်ရာ လျို့ဝှက်သဘောတူညီမှု ရရှိထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် တစ်ပြိုင်နက် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးက နေပြည်တော်မှာ စစ်ကောင်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆက်လက် သိရပါတယ်။ 

ကချင်ပြည်နယ် တရုတ်နယ်စပ်ဒေသအားလုံးအပါအဝင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်အားလုံးကို လက်ရှိ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO/KIA ကထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာတော့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တရုတ်လုပ်ငန်းရှင်တွေနဲ့ အဓိကပူးတွဲပြီးဆက်လက်လည်ပတ်နေကာ ပန်ဝါ၊ချိီဖွေ၊ဖရဲ၊အစရှိတဲ့ မြေရှားသတ္တုတွေကိုလည်း တရုတ်ဘက်ကို ဆက်လက်တင်သွင်းနေတယ်လို့ မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အလုပ်သမားတွေဆီကနေ သိရပါတယ်။

Most read this week

December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...