ဘီးလင်းတွင် စစ်အုပ်စုတပ်က ရွာသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်

ဘီးလင်းတွင် စစ်အုပ်စုတပ်က ရွာသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်
Photo credit - social media
Photo credit - social media

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော စစ်အုပ်စုတပ်မှ ရွာခံ အမျိုးသား (၅) ဦးအား အကြောင်းပြချက်မရှိ ၎င်းတို့ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဘီးလင်းမြို့နယ်သတင်းအရင်းအမြစ်မှ သိရသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ အလူးကျေးရွာအုပ်စုနှင့် ဖိုးဝသိမ်၊ သပြေနီ၊ ညောင်ထောက် စသည့်ကျေးရွာများဘက်သို့ ဒီဇင်ဘာ (၁၂) ရက်နေ့ကတည်းက စစ်အုပ်စု စစ်ကြောင်းလှည့်လည်နေခြင်းဖြစ်ပြီး နောက်တစ်နေ့တွင် ရွာသားတစ်ချို့ကို ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

ယမန်နေ့ကအထိ ရွာသား (၁၀) ဦးထက်မနည်း စစ်အုပ်စုက အကြောင်းပြချက်မရှိ ဖမ်းဆီးထားပြီးမှ ပြန်လွှတ်ပေးလိုက်သည်။ စစ်ကြောင်းထွက်သွားပြီးနောက် ယင်းအထဲမှ အလူးကြီးရွာသား (၂) ဦး၊ ဖိုးဝသိမ်ရွာသား (၃) ဦးအား ၎င်းတို့နှင့်တပါတည်းခေါ်ဆောင် ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

အလူးကြီးရွာခံ အမျိုးသားတစ်ဦးက “ဖမ်းခံရတာ ဆယ်ယောက်ကျော်တယ် ပြန်လွတ်ပြီ။ အလူးကြီးက နှစ်ယောက်၊ ဖိုးဝသိမ်က သုံးယောက်ပဲ ကျန်တော့တယ်။ သူတို့ပဲ သူများ (စစ်တပ်) မေးတာ ဖြေလို့မတတ်လို့လား ဘာကြောင့် ဖမ်းခေါ်သွားလဲ မသိရဘူး” ဟု ပြောသည်။

မိသားစုနှင့် နီးစပ်သူတချို့၏ ပြောပြချက်အရ ဖမ်းဆီးခေါ်ဆောင်ခံရသူအများစုမှာ အမျိုးသား လူငယ်များဖြစ်သည်။ စစ်အုပ်စုက ၎င်းတို့ကို ကျိုက်ထိုမြို့နယ်အထိ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး မိသားစုဝင်များကလည်း အခြေအနေကို လိုက်လံမေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားသည့် တော်လှန်ရေးအင်အားစု သတင်းအရင်းအမြစ်အရ ဖမ်းဆီးခံရသူ တစ်ဦးလျှင် မြန်မာကျပ်ငွေ သိန်းဆယ်နှင့်ချီ၍ စစ်အုပ်စုက ပြန်လည် ရွေးယူခိုင်းနေသည်ဟု ဆိုသည်။ ၎င်းကိစ္စကို ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၁)၊ သထုံခရိုင်အတွင်း စစ်အုပ်စု စစ်ကြောင်းများ မကြာခဏ လှည့်လည်သွားလာလေ့ရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၁၂) ရက်နေ့ကလည်း စစ်အုပ်စုတပ်က ဖိုးဝသိမ်ရွာသို့ စစ်ကြောင်းဝင်ရောက်ချိန်တွင် ရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှု လုပ်ဆောင်သောကြောင့် ဖိုးဝသိမ်ရွာသား (၂) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရရှိခဲ့သေးသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...