တိုက်ပွဲတစ်ကြိမ်တစ်ခါမှ မဖြစ်သေးသည့် မာန်အောင်မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုများရှိနေ

တိုက်ပွဲတစ်ကြိမ်တစ်ခါမှ မဖြစ်သေးသည့် မာန်အောင်မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုများရှိနေ

အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင် စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို တွေ့မြင်လာရသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ စစ်ရေးလှုပ်ရှားမှုမှာ လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကြောင့်လား(သို့မဟုတ်)တစ်ခြား စစ်ရေး အခြေအနေများကြောင့်လားဆိုသည်ကို မသိရှိဟု မာ‌န်အောင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

“အင်အားဖြည့်တာက နေဗီကနေဖြည့်တာ။အောက်တိုဘာ နောက်ဆုံးပတ်ကနေစပြီးဖြည့်တာလို့ ပြောလို့ရတယ်။အခုဒီဇင်ဘာပထမပတ်ထိဆိုရင်တော့ ၃၀၀ လောက်တော့ခန့်မှန်းတယ်။ ဘာကြောင့် ခုလို အင်အားတွေ အများကြီးဖြည့်နေတယ်ဆိုတာတော့ တိကျမသိဘူး” ဟု ပြောသည်။

လက်ရှိ မာန်အောင်သို့ ရောက်ရှိလာသည့် အကြမ်းဖက်စစ်သားများသည် လတ်တလောသင်တန်းမှ ဆင်းလာသည့် စစ်မှုထမ်းများကြောင်း ၎င်းက ပြောသည်။

“ကျနော်သိသလောက်မြို့ထဲက မုန်းတိုင်စင်တာ အဆောက်အအုံကြီးတွေမှာ နေကြတယ်။ အဲ့ဒီကနေ ဘယ်ကို ဆက်ပို့လဲဆိုတာတော့ မသိဘူး။ အခုအင်အားဖြည့်တဲ့ အထဲမှာလူငယ်ပိုင်းတွေအများကြီးပါတယ်။သင်တန်းဆင်း စစ်မှုထမ်းတွေဖြစ်ဖို့များတယ်" ဟု ပြောသည်။

မာန်အောင်မြို့နယ်တွင်စစ်တပ်အင်အားကို ဆက်တိုက်ဖြည့်တင်းပြီး ကျေးရွာတချို့ကို စစ်ကြောင်းထိုး လှုပ်ရှားမှုများ ရှိနေသည်ဟုလည်း နောက်ထပ် ဒေသခံ တစ်ဦးက နိရဉ္စရာကို ပြောသည်။

“အင်အားတွေကိုရေကြောင်းကနေတဆင့် အင်အားဖြည့်တင်းနေတယ်။လောလောဆယ်ရောက်လာတာ အင်အား ၃၀‌၀ဝန်းကျင်ခန့်ရှိမယ်လို့ ခန့်မှန်းရတယ်။ ကျေးရွာအချို့ကို စစ်ကြောင်း ထိုးတာမျိုးတော့ ရှိတယ်” ဟု ပြောသည်။

ယင်းအင်အားဖြည့်လာသည့် စစ်သားများထဲမှတချို့မှာ ကားဖြင့် သွားလာမှု ရှိသလို တချို့မှာ

ခြေလျင်စစ်ကြောင်းများဖြင့် မာန်အောင်မြို့နယ်တောင်ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်းရှိ ကျေးရွာတချို့ကို စစ်ကြောင်းထိုးကာ ဘုန်းတော်ကြီးကျောင်းများတွင် တည်းခိုမှုများရှိသည်ဟု နောက်ထပ် မာန်အောင်ဒေသခံ လူငယ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“ကျနော် သိသလောက် သစ်ပုံ၊ ခြံလောင်ကွင်းတို့ နဂါးမီးတောက်ရွာဖက်တွေကို ထိုးတယ်လို့ သိတယ်။ အိမ်သုံးကားတွေ ပါတယ်။ ခြေလျင်စစ်ကြောင်းတွေပါတယ်။ တစ်စုမှာ ၃၀ လောက် သုံးစုစီ ပါတယ်။ ရွာသားတွေကိုတော့ ခုချိန်ထိ ဘာမှ မလုပ်သေးဘူး” ဟု ပြောသည်။

မာန်အောင်မြို့နယ်တွင် ကင်းလှည့်မှုများလုပ်ဆောင်လျက်ရှိပြီး တချို့ကျေးရွာများတွင် အာရက္ခတပ်တော် (AA)နှင့် ပက်သက်သည့်သူများတွေရှိပါက တိုင်ကြားရန် အကြမ်းဖက်စစ်တပ်က ကျေးရွာတချို့အား ဝင်ရောက် ပြောဆိုခဲ့မှုများလည်း ရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်သည် မာန်အောင်ကျွန်းပေါ်တွင် တည်ရှိပြီး ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းအကြား ရေလက်ကြားတစ်ခုခြားကာ ၎င်းရေလက်ကြားတွင် စစ်ရေယာဉ်အများအပြားကို ချထားပြီး AA ဝင်ရောက်လာမည်ကို စိုးရိမ်ပြီး ပုံမှန်ကင်းလှည့်မှုများကို ပြုလုပ်နေသည်ဟု သိရသည်။

လက်ရှိ မာန်အောင်မြို့နယ်သို့  အာရက္ခတပ်တော် ဝင်ရောက်မှု ရှိ/ မရှိကို မသိရသေးသော်လည်း အကြမ်းဖက် စစ်တပ်က ကင်းထောက်မှုများ၊ အနီးကပ် စောင့်ကြည့်မှုများရှိနေသည်ဟု ဆိုသည်။

မာန်အောင်ကျွန်းနှင့် ရေလက်ကြားတစ်ခုသာခြားသည့် ရမ်းဗြဲကျွန်းပေါ်တွင်လည်း အာရက္ခတပ်တော်က ရမ်းဗြဲမြို့နယ်အား အပြီးသတ် သိမ်းပိုက်ထားပြီး ကျောက်ဖြူမြို့ အနီးတွင်လည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။

ထိုအခြေအနေများကြောင့် မာန်အောင်ကျွန်းတွင်လည်း လုံခြုံရေးကို တိုးမြှင့် ထားခြင်းဖြစ်သည်ဟု ဆိုသည်။

တစ်ခြားဒေသခံ တစ်ဦးကမူ ရွေးကောက်ပွဲကြောင့် လုံခြုံရေး တိုးမြှင့်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ပြီးခဲ့တဲ့လဆန်းပိုင်းက ရွာတွေကို ပါတီဝင်တွေ ရောက်လာကြတယ်။ ဆိုင်းဘိုးတွေ စိုက်တယ်။ အဓိက ရခိုင်ပြည် ငြိမ်းချမ်းရေးကို လိုလားရင် မဲထည့်ကြဖို့ ပြောတယ်။ မာန်အောင်မှာက ကိုယ့်အုပ်စုနဲ့ ကိုယ်ဆိုတော့ အုပ်စုတစ်စုမှာ ရွာသုံးလေးရွာ ရှိတယ်လေ။ အဲ့လို အုပ်စုလိုက် မဲဆွယ်မှုတွေ ရှိခဲ့တယ်။ နောက်ထပ်လည်း တခြားရွာတွေကို သွားအုံးမယ်လို့ ကြားရတယ်။ ဒီရွေးကောက်ပွဲအတွက်လည်း စစ်တပ်က လုံခြုံရေး ပိုယူတာလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

အကြမ်းဖက် စစ်ကော်မရှင်မှ လာမည့် ဒီဇင်ဘာ ၂၈ ရက် နေ့ တွင် ရွေးကောက်ပွဲ ပထမပိုင်းကို မာန်အောင် အပါအဝင် စစ်တွေနှင့် ကျောက်ဖြူမြို့တို့ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မာန်အောင်မြို့တွင် မဲရုံလုံခြုံရေးယူရန် ရောက်ရှိနေသည့် ကျောက်ဖြူ အခြေစိုက် ခလရ (၃၄) မှဗိုလ်ကြီးတစ်ဦး ဒီဇင်ဘာ ၄ ရက်နေ့က အနီးကပ် လုပ်ကြံခံရ၍ သေဆုံးသွားခဲ့သည့်ဖြစ်စဉ်ရှိခဲ့သည်။

ယင်းနောက်ပိုင်းတွင် လုံခြုံရေးကိုလည်း တိုးမြှင့်ထားသည်ဟု သိရသည်။

Most read this week

December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...
ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...