အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှု AA ထိန်းချုပ်နယ်မြေများတွင် ပြုလုပ်နေ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှု AA ထိန်းချုပ်နယ်မြေများတွင် ပြုလုပ်နေ
Photo credit - Women Generation
Photo credit - Women Generation

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း လူမှုအဖွဲ့ အစည်းအချို့က ဦးဆောင်၍ အရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်က လွတ်မြောက်နယ်မြေများတွင် ပြုလုပ်နေကြောင်း သိရသည်။

နှစ်စဉ် နို၀င်ဘာ (၂၅) မှ ဒီဇင်ဘာ (၁၀)ရက် အထိ ပြုလုပ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာ (၁၆) ရက်တာ လှုပ်ရှားမှုတွင် ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးက  “စစ်ရေးကာလမှာ အမျိုးသမီးများအနေနဲ့ အကြမ်းဖက်ခံရမှု ပိုခံစားနေရတာတွေ၊ ပိုမိုနှိပ်ကွပ်ခံနေရတာတွေကို သိရှိစေဖို့၊ လျှော့ချနိုင်ဖို့အပြင် အာရက္ခဒေသမှာ ခွဲခြား ဆက်ဆံမှု မရှိဘဲ ပိုမိုကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းတရပ်ကို တည်ဆောက်သွားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလှုပ်ရှားမှုကို ပြုလုပ်ဖြစ်တာပါ ” ဟု ပြောသည်။

ထိုလှုပ်ရှားမှုတွင် ရခိုင်ဒေသက စုံလင်ကွဲပြားသော ရခိုင်၊ မွတ်ဆလင်၊ ချင်း စသည့် လူမျိုးများလည်း ပါဝင်ကြောင်း ဆိုသည်။

ယင်းအပြင် Women Generations ၏ လူမှုကွန်ရက်တွင်လည်း ၁၆ ရက်တာလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ “အရွယ်ရောက်ပြီးသား အမျိုးသမီးများနှင့် အရွယ်မရောက်သေးသော အမျိုးသမီးများအပေါ်တွင် ကျုးလွန်နေသည့် နည်းမျိုးစုံသော အကြမ်းဖက်မှုများကို ပပျောက်စေရန် အသိပညာပေးလှုံ့ဆော်ရခြင်း” ဟု ဖော်ပြထားသည်။

လက်ရှိ ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခများအကြား အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပြင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုစသည့် အသက် အန္တရာယ်အကြမ်းဖက်မှု နည်းမျိုးစုံကို ကြုံတွေ့နေရသည်။

အမျိုးသမီးအခွင့်ရေး လှုပ်ရှားသူ မြေပုံဒေသခံ အမျိုးသမီးတစ်ဦးက “အမျိုးသမီးတွေအနေနဲ့ ပုံမှန်အခြေအ နေမှာတောင် အကြမ်းဖက်နှောင့်ယှက်မှုတွေကို ခံစားကြရပါတယ်။ ဒီလို စစ်ရေးကာလ အခြေအနေထဲဆိုရင် ပိုဆိုးတာပေါ့။ သူတို့ကိုယ်တိုင် အကြမ်းဖက်ခံရမှုတွေ၊ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ခံနေရမှန်းမသိတဲ့ သူတွေ အများကြီးရှိနေတယ်။ မသိတဲ့အတွက်လည်း ထုတ်ဖော်တာမျိုးနည်းတဲ့အတွက် ရခိုင်အခြေစိုက် အဖွဲ့တွေအနေနဲ့ အခုလို အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေကို ပိုပြီး လုပ်ပေးသင့်တယ်” ဟု ပြောသည်။

ယင်းအပြင် လက်ရှိ ရခိုင်ပြည်အတွင်း စစ်ရေးအကျိုးဆက်ကြောင့် ကြုံတွေ့နေရသော ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေနည်းပါးခြင်း စသည်တို့ကြောင့် မိသားစုစားဝတ်နေရေး ကျပ်တည်းမှု အများဆုံး

ကြုံရသည့်ကာလဖြစ်သဖြင့် အိမ်တွင်းအကြမ်းဖက်မှုများလည်း အမျိုးသမီးများ ပိုမိုကြုံတွေ့လာရကြောင်း ပြောကြသည်။ 

ကျောက်တော် ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ ဒီကာလအနေအထားအရတော့ မိသားစုအကျပ်အတည်းတွေ များတော့ အလုပ်အကိုင်ကလည်း အဆင်မပြေ၊ နေထိုင်စားသောက်ရေးအတွက် စိတ်ပိုင်းဆိုင်ရာအဆင်မပြေ ဖြစ်လာတဲ့အခါ တချို့ အမျိုးသားတွေဆိုရင် စိတ်ထွက်ပေါက်အနေနဲ့ ကလေးတွေ၊ အမျိုးသမီးတွေကို ရိုက်နှက် ပြီးတော့ ကိုယ်ထိလက်ရောက်အကြမ်းဖက်တာမျိုးတွေ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံကြရတာတွေကို တွေ့ရတယ် ” ဟု ပြောသည်။

ယင်းအပြင် စစ်ဘေးရှောင်စခန်းရှိ အမျိုးသမီးအများစုမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အခြားသော လုံခြုံရေး ပိုင်းဆိုင်ရာအခက်အခဲများကိုပါ ယခင်ထက် ပိုမို ကြုံတွေ့လာရကြောင်း စစ်ဘေးရှောင်များက ပြောဆို ကြသည်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် မညီမျှမှုများ ပိုမိုနက်ရှိုင်းလာခဲ့ပြီး ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အဓမ္မခိုင်းစေမှု၊ ဒစ်ဂျစ်တယ် မဖွယ်မရာပြုမှုများ တိုးလာနေပြီး အမျိုးသမီးများသည် နေရပ်စွန့်ခွာမှု၊ ဖမ်းဆီးထိန်းသိမ်းမှုနှင့် နှုတ်ဆိတ်ခံရမှုများနှင့် ကြုံနေကြောင်း အမျိုးသမီးအသိုင်းဝိုင်းက ပြောဆိုကြသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတဝန်းတွင် ၁၀ မိနစ်လျှင် အမျိုးသမီးတစ်ဦးနှုန်းမှာ အနီးဆုံးလူလက်ချက်ဖြင့် အသတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women) နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) တို့၏ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့ အထမ်း အမှတ်အဖြစ် နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most read this week

December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...
November 27, 2025
ရခိုင်ပြည်၊ ဂွမြို့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျေးရွာများအား စစ်ကောင်စီက ပင်လယ်ပြင်နေဗီများမှ...