ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့် ဒဏ်ငွေရိုက်ရုံမျှသာ လုပ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ တပ်နဲ့ နီးစပ်သူများထံမှ သိရပါတယ်။
မြစ်ကြီးနားမြို့တွင်း နယ်ထိန်းရဲခေါင်းဆောင်တွေဖြစ်တဲ့ ဖြိုးကိုကို၊ ကိုနေဖြိုး၊ ရဲဒုတပ်ကြပ် မောင်မောင်ကြီး၊ ရဲဒုတပ်ကြပ် ဇော်ဝင်းမိုး၊ တပ်သား ကျော်ထွေးအောင်တို့ဟာ ရမ်ပူ၊ ယုဇန၊ ခေမာသီရိရပ်ကွက်ရှိ မူးယစ်ဆေးဝါး ရောင်းချတဲ့ နေအိမ်တွေမှာ ဝင်ရောက်စစ်ဆေးတာတွေ လုပ်နေပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးခြင်း မပြုပဲ ပြန်လွှတ်ပေးနေတာလို့ တပ်နဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။
“နယ်ထိန်းခေါင်းဆောင် ကိုနေဖြိုးအပါအဝင် ယုနဇ ရပ်ကွက်ထဲက မူးယစ်ရောင်းတဲ့သူစီက သိန်း (၅၀၀) တောင်းသွားတယ် ဟိုနေ့က။ အရင်လက ရမ်ပူရပ်ကွက်မှာလည်း အတူတူပဲ သိန်း ၂၈၀ ပေးပြီး ပြန်လွှတ်ပေးတာ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် ဖားရိုက်နေကြတာပေါ့လေ”လို့ ပြောပါတယ်။
အမှတ်(၂) နယ်ထိန်းခေါင်းဆောင် ဖြိုးကိုကိုအပါအဝင် အထက်မှာ ဖော်ပြထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ရမ်ပူရပ်ကွက် မူးယစ်ဆေးရောင်းတဲ့ နေအိမ်တစ်အိမ် ဝင်စစ်ပြီး ငွေသိန်း ၂၈၀၊ အိမ်စီးကား၊ ဘိန်းဖြူနဲ့ တစ်ခြားမူးယစ်ဆေးဝါးတွေကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးသိမ်းသွားတဲ့ အိမ်စီးကားကို ရပ်ကွက်ထဲမှာစီးနေတဲ့အတွက် ကားပိုင်ရှင်ဘက်မှ တိုင်ကြားဖို့ ပြင်ဆင်လာချိန် ကားကိုလည်း ထပ်ရောင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့မှာလည်း ခေမာသီရိရပ်ကွက် မူးယစ်ဆေးရောင်းတဲ့ နေအိမ်တစ်အိမ်ကို ရဲကား ၃ စီးနဲ့ ရောက်လာပြီး ငွေကျပ် သိန်းတစ်ရာ ဒဏ်ရိုက်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နယ်ထိန်းခေါင်းစဉ်အဖွဲ့တွေဟာ မြစ်ကြီးနားမြို့ထဲ နှစ်လုံး၊ သုံးလုံးရောင်းသူတွေ ၊ မူးယစ်ဆေးဝါးရောင်းသူတွေကို နယ်မြေခံရဲတပ်ရင်း၊ တပ်ရင်း (၃၀)၊ မူးယစ်တားစီးရေး ရဲတပ်ဖွဲ့တွေပေါင်းပြီး ချဲဒိုင်အသေး၊ အကြီးပေါ်မှုတည်ကာ ငွေကြေးတောင်းခံတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
“မဖမ်းဘူး။ လုံးဝ မဖမ်းဘူး။ ကျနော်တို့ ဖြစ်စေချင်တာ မြစ်ကြီးနားမြို့ထဲက မူးယစ်ဆေးရောင်းတဲ့သူတွေဆို ထိထိရောက်ရောက် ဖမ်းဆီးပေးရမှာလေ ခုသူတို့လုပ်ပုံက ငွေလေးယူလိုက် ပြန်ရောင်းခိုင်းလိုက်နဲ့ စီးပွားရှာခိုင်းနေတာ”လို့ ရမ်ပူရပ်ကွက်နေ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။
မြစ်ကြီးနားမြို့ခံတွေ လိုလားတာက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှု တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆိုးရွာလာနေသလို မြို့ပေါ်ရပ်ကွက်တွေမှာ လောင်းကစားဝိုင်းအသေး၊ အကြီး စုစုပေါင်း ၅၀ ဝိုင်းခန့်ရှိတယ်လို့ တပ်နဲ့ နီးစပ်သူက ဆက်ပြောပါတယ်။
“လောင်းကစားဝိုင်းက ၅၀ လောက်ရှိတယ်။ အဲဒါက သူတို့ရဲ့ ပုံမှန် ဝင်ငွေရတဲ့နေရာတွေလေ အားလုံးပေါင်းပြီး လုပ်စားနေကြတာ”လို့ ပြောပါတယ်။
ခုလို မူးယစ်ဆေး၊ လောင်းကစားဝိုင်း များလာတာနဲ့အတူ ခိုးမှု၊ ဓါးပြမှု၊ လုယက်မှုတွေကလည်း နေ့စဉ်နဲ့အမျှ ဖြစ်နေပါတယ်။
ဒါ့အပြင် ရဲ့တပ်ဖွဲ့ဝင်တွေဟာ ည ၈ နာရီဝန်းကျင် လမ်းဆုံ၊ လမ်းခွတွေမှာ စောင့်နေပြီး လမ်းသွား လမ်းလာ လူငယ်တွေကို အကြောင်းမဲ့ ခြိမ်းခြောက်ကာ ငွေတောင်းတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။







