ကော့ကရိတ်တွင် လက်နက်ကြီးကြောင့် နို့တိုက်မိခင် သေဆုံးပြီး ကလေးငယ်များအပါအဝင် (၃) ဦးဒဏ်ရာရ

ကော့ကရိတ်တွင် လက်နက်ကြီးကြောင့် နို့တိုက်မိခင် သေဆုံးပြီး ကလေးငယ်များအပါအဝင် (၃) ဦးဒဏ်ရာရ
Photo credit - CJ
Photo credit - CJ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာ ၂၇ရက်နေ့က စစ်အုပ်စုလက်နက်ကြီးကြောင့် ကလေးသုံးယောက်မိခင်(၁)ဦးသေဆုံးပြီး သူမကလေးငယ်(၂)ဦးအပါအဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရွာခံများ၏ပြောပြချက်အရ သိရသည်။

ကော့ကရိတ်မြို့တွင်းအခြေစိုက် စစ်အုပ်စုက ပစ်ခတ်လိုက်သည့်လက်နက်ကြီး(၃)လုံးမှာ အံဖကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ရွာ၌စစ်ရှောင်နေထိုင်သူ လသားအရွယ်နှင့်အသက် ၁၀နှစ်ဝန်းကျင်အရွယ် ကလေးသုံးယောက်ရှိ မိခင် ကျည်စထိမှန်သေဆုံးခဲ့သည်။

ထို့အပြင် သူမ၏ သမီးမိန်းကလေး(၂)ဦးနှင့် အိမ်ပိုင်ရှင်အမျိုးသမီး (၁)ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံအမျိုးသမီးက ပြောသည်။

“အားလုံး ထိတာ (၄)ယောက်၊ အမေဖြစ်တဲ့အမျိုးသမီးကတော့ဆုံးပြီ။ သူ့ကလေး လသားအရွယ်လေးက ဘာမှမဖြစ်ဖူး။ အသက် ၁၁နှစ် နဲ့ ၁၂နှစ် သူ့ကလေးနှစ်ယောက်နဲ့အိမ်ပိုင်ရှင်ကတော့ ဒဏ်ရာရသွားတယ်။ ကလေးတွေအဖေက ရွာသစ်မှာ စပါးပြန်ရိတ်နေတာ။” ဟု ၎င်းဒေသခံက ပြောသည်။

ထိခိုက်သေဆုံးသူ မိသားတစ်စုမှာ ကော့ကရိတ်မြို့နယ် မောင်းမကျေးရွာအုပ်စုအတွင်း နေထိုင်ကြသူများ ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် ထိုရွာဘက်သို့ စစ်အုပ်စု စစ်ကြောင်းထိုးလာသည့်အချိန်မှစ၍ နေရပ်စွန့်ခွာပြီး အံဖကြီးရွာတွင် မိသားစုလိုက် စစ်ရှောင်နေထိုင်ကြသည်ဟု ၎င်းတို့နှင့်ရင်းနှီးကျွမ်းဝင်သည့် ရွာခံများကဆိုသည်။

ကော့ကရိတ်တောင်ပိုင်းရော၊ မြောက်ပိုင်း ကျေးရွာများတွင်ပါ အင်အားတိုးပြီးစစ်ကြောင်းထိုးနေသည့် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

တိုက်ပွဲအတွင်း KNLA မဟာမိတ်တပ်၏ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများကာ အထိနာ၍ လက်နက်ကြီးလည်းမကြာခဏပစ်ခတ်နေကြောင်း မဟာမိတ်တပ်နှင့်ဒေသခံသတင်းအရင်းအမြစ်တို့မှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း အဆိုပါမောင်းမကျေးရွာအုပ်စုမှ အမျိုးသား တစ်ဦးကို စစ်ကြောင်းထိုးဝင်လာသည့် စစ်အုပ်စုတပ်ဖွဲ့မှ ရိုက်နှက်သတ်ဖြတ်သွားသေးသည်ဟု ဒေသခံတို့ကဆိုသည်။

January 16, 2026
ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့တောင်ဘက်ဒေသ တိုက်ပွဲများကြောင့် နှစ်ရှည် နေရပ်စွန့်ခွာ...
January 15, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲနယ်မြေချဲ့ထွင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီ (၁၀...
January 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ...
Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...