စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ကျဉ်းတွေကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်ပေးလိုက်တာဟာ နိုင်ငံတကာရဲ့ ဖိအားအပြင် တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ပြသလိုတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြောပါတယ်။
“အကျဉ်းသားတွေကို လွတ်လိုက်တဲ့ အခြေအနေကိုကြည့်ရင် ယခုရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတကာကလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အမေရိကန်လွှတ်တော်တွေအထိ ကန့်ကွက်ပြောဆိုတာတွေရှိနေတယ်။ နောက်ပြီး ဒီရွေးကောက်ပွဲက တရားမျှမှုမရှိနိုင်ဘူးဆိုပြီး ကန့်ကွက်တဲ့သူတွေလည်းများတော့ အဖက်ဖက်က ဖိအားကြောင့်လို့ မြင်တယ်။ ပြီးရင် အခုရွေးကောက်ပွဲကျင်းပဖို့လည်း နီးလာပြီဆိုတော့ ပြည်သူတွေကိုလည်း ဒါက တရားဝင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုပြီး လက်ခံလာရင် ပြချင်တဲ့သဘောပါပဲ”လို့ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
နိုင်ငံတကာရဲ့ဖိအားပေးမှုနဲ့အတူ ပြည်သူလူထုရဲ့ ထောက်ခံမှုလိုလားတဲ့အတွက် စစ်တပ်ဟာ ခေတ်အဆက်ဆက် စစ်တပ်ကိုဆန့်ကျင်ကန့်ကွက်တဲ့ သူတွေကို ဖမ်းဆီးချုပ်နှောင်ထားပြီး နိုင်ငံရေးထွက်ပေါက်တွေမှာ ပြန်လည်အသုံးချတာဟာ လုပ်ထုံးလုပ်နည်းတစ်ခုအနေနဲ့ အသုံးပြုနေတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်တပ်ကချင်းပမယ့်ရွေးကောက်ပွဲကို အမေရိကန်လွှတ်တော် နှစ်ရပ်စလုံးမှာ ကန့်ကွက်ပြောဆိုတာတွေရှိခဲ့ပြီး ထိုင်နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်လည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမဟုတ်သလို အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲလိမ့်မယ်ဆိုပြီး နိုဝင်ဘာလ ၂၆ ရက်နေ့ပြောဆိုခဲ့ပါတယ်။
အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ရဲ့ လွှတ်တော် ဥက္ကဋ္ဌတွေဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ လွတ်လပ်မှုနဲ့ တရားမျှတမှုမရှိနိုင်ဘူးလို့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဆုံးဖြတ်ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။
နိုင်ငံတကာကနေ ယခုအခြေအနေထက်ပိုပြီး ဖိအားပေး ကန့်ကွက်တာတွေရှိလာပါက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်မြင့်တွေကိုပါ လွတ်ပေးတဲ့အထိ ဖြစ်လာနိုင်တယ်လို့လည်း ဆက်ပြီးသုံးသပ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ အတုအယောင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံကြောင်း ဥရောပပါလီမန်ကလည်း နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားတာတွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်အတွင်းမှာ စစ်တပ်က အဆိုးရွားဆုံးနိုင်ငံရေးအကြပ်အတည်းကို ရင်ဆိုင်ကြုံတွေ့နေရပြီး စစ်တပ်ကို ပြန်ပြီးထောက်ခံလာအောင် ပြည်သူလူထုကို ချော့သိပ်တဲ့သဘောနဲ့ ချုပ်နှောင်ထားတဲ့ အကျဉ်းသားတွေကို လွတ်မြောက်ပေးလာတာဖြစ်တယ်လို့ နောက်ထပ် ကချင်နိုင်ံရေးသုံးသပ်သူ အမျိုးသားတစ်ဦးဆက်ပြောပါတယ်။
“အာဏာသိမ်းစစ်တပ်က အဆိုးရွားဆုံးအချိန်ရောက်နေပြီလို့ ပြောလို့ရတယ်။ တစ်ဖက်မှာ ပြည်သူတွေကို ထောက်ခံ ရပ်တည်ပေးလာအောင် ချော့သိပ်တဲ့သဘောလို့မြင်တယ်။ စစ်တပ်က သူလုပ်နိုင်တယ်ဆိုပြီး ပြသတဲ့သဘောလည်းပါတယ်။ ဘာလို့လည်းဆိုတော့ အရင်အစိုးရ သိန်းစိန်လက်ထပ်တွေမှာလည်း အရေးပါတဲ့ အခင်းအကျင်းတွေဖြစ်လာရင်လည်း လုပ်နေကြပုံစံဖြစ်တယ်။ ဒီတစ်ခါလည်း အရေးပါတဲ့ အချိန်ဖြစ်လာတော့ ပြည်သူထောက်ခံမှုရမလားဆိုပြီး လုပ်နေတာပါ”လို့ပြောပါတယ်။
စစ်အစိုးရ ခေတ်အဆက်ဆက် အာဏာဖီဆန် ဆန့်ကျင်သူတွေကို နှစ်ရှည်ဖမ်းဆီးချုပ်နှောင်တာတွေ လုပ်ဆောင်ခဲ့ပြီး စစ်တပ်ရဲ့ အရေးပါတဲ့ အခင်းအကျင်းတွေမှာ လွတ်ပေးလေ့ရှိတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲမဲပေးနိုင်ရေးအတွက် အကျဉ်းသားတွေကို လွတ်ပေးလိုက်တာဟာ ယခုအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အစိုးရမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် ဆန့်ကျင်တော်လှန်ပြီး ၅၀၅(က) နဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၇၂၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပြန်လည်လွတ်ပေးခဲ့တာဖြစ်ပါတယ်။
အမှုတွဲကျန်ရှိသူ ၂၃၆၁ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပေးပြီး အမှုရင်ဆိုင်နေရဆဲသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်သူ စုစုပေါင်း ၅၅၈၀ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီကြေညာထားပါတယ်။







