ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေပြီး၊ အထူးသဖြင့် ဖားကန့်မြို့နယ်၌ စစ်ကော်မရှင်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မြင့်တက်လာသည်ဟု ဒေသခံသတင်းရင်းမြစ်များနှင့် တော်လှန်ရေးအဖွဲ့များက ပြောသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ ညပိုင်းက ဖားကန့်မြို့နယ်၊ ကုဋေမှော်နှင့် ဆန်းကြွယ်ကျေးရွာများဘက်သို့ အင်အားကြီး စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် ပူးပေါင်းတပ် (ဒကစ၊ SNA ရှမ်းနီ ပြည်သူ့စစ်အဖွဲ့) ကို ကချင်လွတ်လပ် ရေး တပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့က ခုခံတိုက်ခိုက်ခဲ့သည်။
“ဒီစစ်ကြောင်းမှာ ဒကစ (၃)၊ SNA ရှမ်းနီ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အပါအဝင် အင်အား ၅၀ ကျော် ပါဝင်ပြီး၊ ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်” ဟု မြေပြင် သတင်းအရင်းမြစ်က ပြောသည်။
အဆိုပါတိုက်ပွဲကြောင့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကော်မရှင်ဘက်မှ စစ်ကြောင်းမှူးအဆင့် အရာရှိတစ်ဦး အပါအဝင် ၁၀ ဦးကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းအချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖားကန့်ဒေသခံ သတင်း အရင်းအမြစ်များက ပြောသည်။
ယင်းတိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် KPDF တစ်ဦးလည်း ကျဆုံးခဲ့ရသည်။ လက်ရှိတွင် စစ်ကော်မရှင် စစ်ကြောင်းတစ်ကြောင်းသည် ကုဋေမှော်ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း တို့တွင် ဝင်ရောက်တပ်စွဲထားဆဲဖြစ်ပြီး ဒေသခံများက တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။
စစ်ကော်မရှင်တပ်သည် ၎င်းတို့၏ စစ်ကြောင်းထိုးမှုကို ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင် ခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်သည်။
စစ်ကော်မရှင်တပ်က နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက မလောင်ကုန်းနားတဝိုက်ကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး၊ ကုဋေမှော်ရှိ မီးသတ်ရုံးကို ထိမှန်ပေါက်ကွဲခဲ့ရာ မီးသတ်ဝန်ထမ်းတစ်ဦး လက်နက်ကြီး စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဝိုင်းမော်မြို့နယ်တွင် နိုဝင်ဘာ ၂၄ ရက်နေ့က စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား လမြန်ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး၊ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုကြောင့် ဝူယာန်ရွာက အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ဖူး သည်။
အလားတူ ဗန်းမော်မြို့နယ်တွင်လည်း စစ်ကော်မရှင်တပ်သည် မြေပြင်၊ လေကြောင်းနှင့် လက်နက်ကြီးများကို အသုံးပြုကာ မြို့တွင်းနေရာများကို ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်နေဆဲဖြစ်သည် ဟု KIA နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“ဗန်းမော်ဘက်မှာလည်း စစ်ကော်မရှင်တပ်က မြေပြင်စစ်ကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးတွေကို အသုံးပြုပြီး မြို့တွင်းက နေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေဆဲဖြစ်လို့ စစ်ရေးအခြေအနေဟာ ဆက်ပြင်းထန်နေတယ်လို့ KIA က ပြောပါတယ်” ဟု ပြောသည်။
ဒေသတွင်း စစ်ရေးတင်းမာမှုများကြောင့် ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်တွေက ဒေသခံ ထောင်နှင့်ချီမှာ ယခင်ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရသူများအပြင် နောက်ထပ် ထွက်ပြေးတိမ်းရှောင်သူများပါ ထပ်မံတိုးလာခဲ့သည်။
၎င်းတို့သည် စစ်ကော်မရှင်တပ်၏ လေကြောင်း အန္တရာယ်များကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရပြီး၊ နေရပ်ရင်းကို ယခုတိုင် ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိဘဲ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရဆဲဖြစ်သည်။







