နေရပ်ပြန်နိုင်အောင်လုပ်ပေးမည်ဟုဆိုကာ စစ်တွေရှိ စစ်ရှောင် ၁၀၀ ကျော်ကို ကြံ့/ဖွံ့ပါတီက ပါတီရုံးသို့ ခေါ်ယူပြီး မဲဆွယ်စည်းရုံး

နေရပ်ပြန်နိုင်အောင်လုပ်ပေးမည်ဟုဆိုကာ စစ်တွေရှိ စစ်ရှောင် ၁၀၀ ကျော်ကို ကြံ့/ဖွံ့ပါတီက ပါတီရုံးသို့ ခေါ်ယူပြီး မဲဆွယ်စည်းရုံး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ရှိသည့် စစ်ဘေးရှောင်များအား နေရပ်ပြန်နိုင်အောင်လုပ်ပေးမည်ဟုဆိုကာ စစ်ရှောင် ၁ဝဝ ကျော်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က ပါတီရုံးသို့ခေါ်ယူပြီး မဲဆွယ်စည်းရုံးခဲ့သည်ဟု သိရသည်။

စစ်တွေတွင် စစ်ဘေးရှောင်များရှိသည့် ဘုန်းတော်ကြီးကျောင်း ၅၄ ကျောင်းမှ တစ်ကျောင်းလျှင် စစ်ဘေးရှောင် နှစ်ဦးကျစီဖြင့် စုစုပေါင်း လူဦးရေ ၁၀၀ ကျော်ကို ရခိုင်ပြည်နယ်စစ်ကော်မရှင်ရုံးအနီးရှိ ကြံ့/ဖွံ့ပါတီရုံးသို့ ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်၊ ညနေ ၄ နာရီမှ ၆ နာရီအထိ ခေါ်ယူပြီး မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လာမည့်ရွေးကောက်ပွဲတွင် ကြံ့/ဖွံ့ပါတီအား မဲထည့်ပေးကြရန်နှင့် မဲထည့်ပေးလျှင် နေရပ်ပြန်နိုင်အောင် လုပ်ပေးမည်ဟုဆိုကာ ကြံ့/ဖွံ့ပါတီမှ တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“မဲထည့်ပေးရင် ကျနော်တို့ကို အိမ်ပြန်လို့ရအောင် လုပ်ပေးမယ်ပြောတယ်။ နေလို့ရအောင်လုပ်ပေးမယ်။ စားဖို့အတွက် အဆင်ပြေအောင် လုပ်ပေးမယ်ပြောတယ်” ဟု ဆိုသည်။

ကြံ့/ဖွံ့ရုံးကို လာရောက်ခဲ့ကြသော စစ်ဘေးရှောင်များကို တစ်ဦးလျှင် မီးနင်္ဂါးအချိုရည် တစ်ဘူးစီ ပေးခဲ့ကြောင်း နောက်ထပ် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များကို မဲထည့်ရမည့် ပုံစံများကို ပြသခဲ့ပြီး ကြံ့ခိုင်ရေးပါတီကို မဲပေးကြရန်နှင့် စစ်ဘေးရှောင်စခန်းတွင်ရှိသည့် သူများကိုလည်း မဲထည့်ပေးရန် ပြောဆိုခိုင်းခဲ့ကြောင်း သူက ဆက်ပြောသည်။

အဆိုပါစစ်ဘေးရှောင်က “အိမ်ပြန်ဖို့ စီစဉ်ပေးမယ်ပြောတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်လည်း မသိဘူး။ လောလောဆယ်မှာ သူပေးတဲ့ဆန်ကို စားရတဲ့ ကြက်ဖြစ်နေတယ်။ ခေါ်တော့ သွားလိုက်ရတယ်” ဟု ပြောသည်။

စစ်တွေမြို့တွင် ကြံ့/ဖွံ့ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

အကြမ်းဖက်စစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့ဖြစ်ပွားနေသောတိုက်ပွဲများကို အကြောင်းပြပြီး စစ်တွေမြို့နယ်မှ ဗျိုင်းဖြူရွာ၊ ရွှေမင်းဂံ၊ ကျေးတောပိုက်ဆိပ်၊ ကျေးတောရွာမ၊ ရွှေပြည်သာ၊ အောင်တိုင်နှင့် ကျက်တောပြင်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူ ၇၀၀၀ ကျော်ခန့်ကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်တွင် ရွာမှ အတင်းနှင်ထုတ်ကာ စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၅၄ ကျောင်းတွင် နေရာချထားခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တွေမြို့ပေါ်မှ အဆိုပါစစ်ရှောင်များကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများက မဲဆွယ်မှုများ ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းကဆိုလျှင် ဦးဘရှိန်ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ (RNP)က ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်နေကြသည့် စစ်ဘေးရှောင်များကို ဆန်အနည်းငယ်‌ထောက်ပံ့ပြီး မဲဆွယ်မှုများပြုလုပ်ခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

စစ်တွေတွင် ကြံ့/ဖွံ့ပါတီအပါအဝင် ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင်ဦးဆောင်ပါတီ(AFP)၊ ဦးဘရှိန်ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ(RNP)၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိသည်ဟု သိရသည်။

စစ်ကော်မရှင်သည် ရခိုင်မှ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပြီး AA ဘက်ကလည်း သူတို့ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲလုံးဝ ကျင်းပခွင့်ပေးမည် မဟုတ်ကြောင်း ပြောဆိုထားသည်။

လက်ရှိ စစ်တွေမြို့တွင် တည်ငြိမ်နေသော်လည်း စစ်တွေမြို့ပြင်ပတွင် အကြမ်းဖက်စစ်တပ်နှင့် AA တို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိနေသည်ဟု သိရသည်။

စစ်တွေမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် တပ်ရင်းများ၊ စစ်တွေပင်လယ်ပြင်ရှိ စစ်နေဗီများနှင့် ဂျက်တိုက်လေယာဉ်များကလည်း စစ်တွေမြို့အနီးရှိ AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များကို ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေ၍ အပြစ်မဲ့အရပ်သားများလည်း ထိခိုက်သေဆုံးနေကြသည်ဟု သိရသည်။

Most read this week

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...