မင်းလက်ပံ အွန်လိုင်းငွေလိမ်မှုကိစ္စ ထိရောက်စွာ စုံစမ်းဖော်ထုတ်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လိုကြောင်း ကေအဲန်ယူပြော

မင်းလက်ပံ အွန်လိုင်းငွေလိမ်မှုကိစ္စ ထိရောက်စွာ စုံစမ်းဖော်ထုတ်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လိုကြောင်း ကေအဲန်ယူပြော

ထိုင်း-မြန်မာနယ်စပ်၊ လေးကေကော်ဒေသ၊ မင်းလက်ပံရှိ အွန်လိုင်းငွေ လိမ်(ကျားဖြန့်)လုပ်ကိုင်နေသည့်ခြံဝင်းမှ ဖမ်းဆီးထိန်းသိမ်းထားသည့် အလုပ်သမား ၂,၀၀၀ ဝန်းကျင်ကိစ္စနှင့်ပတ်သက်ပြီး ထိရောက်သည့် စုံစမ်းဖော်ထုတ်မှုနှင့် သက်သေစုဆောင်းရေး နိုင်ငံတကာ၏ပူးပေါင်းဆောင်ရွက်မှုလိုကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယနေ့သတင်းထုတ်ပြန်လိုက်သည်။

နိုဝင်ဘာ(၂၁)ရက်နေ့က မင်းလက်ပံ၌ စစ်အုပ်စုနှင့်KNLA နှစ်ဖက်တိုက်ပွဲအတွင်း ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBAမှ ဗိုလ်မှူးကြီးနိုင်လွင်ဦးဆောင်သောအဖွဲ့က စစ်အုပ်စုဘက်မှ ပစ်ကူ တိုက်ခိုက်ပေးခဲ့သည့်အတွက် KNLA က DKBA နေရာကို ဝင်ရောက်ထိန်းချုပ်ခဲ့ရကြောင်း ကေအဲန်ယူ ထုတ်ပြန်ထားသည်။

ထို့နောက် ကျားဖြန့် လုပ်ကိုင်သည့် နေရာများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရခဲ့ရသဖြင့် DKBA တပ်ဖွဲ့ဝင် များအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ နှစ်ထောင်ဝန်းကျင်နှင့် သက်သေခံပစ္စည်းများကို ထိန်း သိမ်းထားသည်ဟု ဆိုသည်။

“အဲဒီနေရာမှာ လေးငါးထပ်အဆောက်အဦးတွေရှိနေတာ တွေ့ရတယ်။ အဲဒါတွေကို အရေးယူလုပ်ကိုင်နိုင်ဖို့က ကျနော်တို့အင်အားနဲ့မရဘူး။ အဓိကအားဖြင့် နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့လက်တွဲလုပ်ဆောင်ရမယ်။ ရထားတဲ့သက်သေခံပစ္စည်းတွေကိုလည်း ခြေရာ လက်ရာမပျက်အောင် ကျနော်တို့ထိန်းသိမ်းထားရတယ်။ နည်းပညာအရ ကျနော်တို့ လက်လှမ်းမမီတာရှိတော့ ကျွမ်းကျင်သူတွေနဲ့ဖော်ထုတ်သွားဖို့ပါ။” ဟု ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။

နိုဝင်ဘာ(၂၃)ရက်နေ့ ယနေ့အထိ ကေအဲန်ယူအနေဖြင့် ထိုခြံဝင်းအတွင်းရှိ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်နှင့် မလေးရှား အစရှိသဖြင့် နိုင်ငံပေါင်း(၁၄)နိုင်ငံထက်မနည်းမှ ကျားဖြန့်လုပ်သားများကို ဖော်ထုတ်ထားနိုင်ပြီး ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာအေဂျင်စီများထံ အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း ကေအဲန်ယူက ထုတ်ပြန်ပြောဆိုသည်။

ထို့အပြင် ကေအဲန်ယူ၏မြေပြင်အကဲခတ်အဖွဲမှ နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ကျားဖြန့် လုပ်သား (၃၉၆) ဦးနှင့်တကွ သက်သေခံ၊ အထောက်အထားများ စုဆောင်း သိမ်းဆည်းခဲ့သလို ၎င်းတို့အနက် ထိုင်းနိုင်ငံသား (၂၈) ဦးကို နေရပ်ပြန်ပို့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ(၂၄)ရက်နေ့တွင်လည်း နောက်ထပ်(၃၄၅)ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး ယင်းမှ တရုတ်နိုင်ငံသား (၃၆) ဦးကို ထိုင်းအာဏာပိုင်များလက်ဝယ်သို့ လွှဲပြောင်းပေးပြီးသဖြင့် မင်းလက်ပံကျားဖြန့်လုပ်သား နှစ် ထောင်ဝန်းကျင်အနက် ၆၄ ဦးအထိ နေရပ်ပြန်ပို့ရေး ကေအဲန်ယူကလုပ်ဆောင်ပြီးဖြစ်သည်ဟု ဆိုနိုင်သည်။

စစ်အုပ်စုဘက်မှ ပစ်ကူတိုက်ခိုက်ပေးသည့် DKBA ကို KNLA က ပြန်လည်တုံ့ပြန်ရာတွင်လည်း DKBA တပ်ဖွဲ့ဝင် ၂၃၀ ဦးထက်မနည်း လက်နက်ချခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်က ဖော်ပြထားသည်။

DKBA အကြီးအကဲတချို့ထံ ကေအိုင်စီမှဆက်သွယ်မေးမြန်းရာတွင် မင်းလက်ပံတွင် ဖြစ်ပွားခဲ့သည့် ထိုကိစ္စနှင့် ပတ်သက်၍ အတည်ပြုချက်ရရှိခဲ့သည်။ ထို့အပြင် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မဆို ၎င်းတို့ ထိန်းချုပ်ထားသည့် နေရာများသို့ နိုင်ငံခြားသား(အထူးသဖြင့် တရုတ်နိုင်ငံသား)များကို သယ်ယူပို့ ဆောင်ပါက အရေးယူမည်ဟု နိုဝင်ဘာ(၂၄)ရက်နေ့စွဲဖြင့် DKBA က သတိပေးထုတ်ပြန်သည်။

ထိုသို့သတိပေးမှုနှင့်ပတ်သက်ပြီး ပဒိုစောတောနီးက “အပြောထက်ကိုယ်ကလက်တွေ့ပြမှပဲ သက်ရောက်မှာ ဒါကြောင့်ကျနော်တို့ညီအစ်ကိုတွေကိုလည်း စကားကိုနည်းနည်းပြော အလုပ်ကိုများများလုပ်မှပဲ နိုင်ငံတကာကယုံကြည်မှုရှိမယ်လို့ပြောချင်တယ်” ဟု ဖြည့်စွက်ပြောသည်။

နိုဝင်ဘာ(၂၁)ရက်နေ့က စစ်အုပ်စုဘက်မှပစ်ကူတိုက်ခိုက်သော DKBA ဗိုလ်မှူးကြီးနိုင်လွင် တပ်ဖွဲ့များကိုမူ နိုင်ငံဖြတ်ကျော် လိမ်လည်မှု၊ ရာဇဝတ်မှုလုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုဖြင့် အမေရိကန်ဘဏ္ဍာရေးဌာန၏ ပစ်မှတ်ထားအရေးယူခံရသူ ဗိုလ်မှူးချုပ် စိုင်းကျော်လှက တိုက်ရိုက်ကွပ်ကဲနေကြောင်း ကေအဲန်ယူက ဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများနှိမ်နင်းရန် အမေရိကန်က အဖွဲ့ဖွဲ့စည်းသလို ထိုင်းနှင့် တရုတ်ပါဝင်သော (၆)နိုင်ငံကပါ ကြိုးပမ်းမှုရှိလာသည့်နောက်တွင် ကေအဲန်ယူက အဆင်မြင့် ခေါင်းဆောင်များ ပါဝင်သော အထူးအဖွဲ့ ဖွဲ့ထားပြီး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်ဟု ဆိုခဲ့သည်။

မင်းလက်ပံကျားဖြန့်ခြံဝင်းကိစ္စနှင့်ပတ်သက်၍မူ ကေအဲန်ယူဒုတိယဥက္ကဋ္ဌ ဦးဆောင်ပြီး ဒူးပလာယာခရိုင်နှင့် ဖားအံခရိုင် ခေါင်းဆောင်များ အနီးကပ်ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်ဟု ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

အွန်လိုင်းငွေလိမ်ရာဇဝတ်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုကြောင့် DKBA အပြင် စစ်အုပ်စုနှင့် အနီးကပ် ဆက်ဆံရေးရှိသည့် နယ်ခြားစောင့်တပ်-BGF ကိုပါ အမေရိကန်ကအရေးယူပိတ်ဆို့ခဲ့ဖူးသလို ပြည်သူလုထုကလည်း မေးခွန်းထုတ် ဝေဖန်လျက် ရှိသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...