စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ စစ်တွေမြို့တွင် အပြစ်မဲ့အရပ်သားများအား အကြမ်းဖက်စစ်တပ်က ပိုမိုဖမ်းဆီးလာနေသည်ဟု သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့၊ ည ၉ နာရီခန့်ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၇)ကို အကြမ်းဖက် စစ်တပ်နှင့် ရဲသားပူးပေါင်းပြီး ဧည့်စာရင်းဝင်စစ်ကာ ရပ်ကွက်ထဲမှ အမျိုးသားလေးဦးကို အကြောင်းပြချက်မရှိ ဖမ်းဆီးသွားသည်ဟု မြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“စစ်သားနဲ့ ရဲတွေ ၅၀ လောက်ရှိမယ်။ သူတို့က ရပ်ကွက်တခုတည်းကိုစစ်ပုံမရ။ တမြို့လုံးကိုပတ်ပြီး စစ်ပုံရတယ်။ တခြားကားကြီးတွေလည်း ပါတယ်။ ကားပေါ်မှာ အဖမ်းခံရတဲ့သူတွေပါနိုင်သေးတယ်။ မင်းဂံကဆို လေးယောက်ပါသွားတယ်။ အကုန်လုံးအမျိုးသားတွေ၊ လူငယ်၊ လူလတ်ပိုင်းတွေ” ဟု ပြောသည်။
ဖမ်းဆီးခံရသည့် အရပ်သားလေးဦး၏အမည်နှင့် အသေးစိတ်အချက်အလက်ကို နိရဉ္စရာက ဆက်လက် စုံစမ်းလျက် ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်၊ ည ၉ နာရီကလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်အတွင်းသို့ အကြမ်းဖက်စစ်သား အင်အား ၃၀ နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်သည် စစ်ကားကြီးနှစ်စီးဖြင့် ဝင်ရောက်လာပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ဧည့်စာရင်းအကြောင်းပြ စစ်ဆေးမှုပြုလုပ်ခဲ့ကာ အရပ်သားသုံးဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့၊ နေ့လယ်ကလည်း စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းထဲတွင် ငါးရှာနေသော ဆတ်ရိုးကျရပ်ကွက်မှ ကိုကျော်ဝင်းနိုင်နှင့် သူ၏သူငယ်ချင်းနှစ်ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
အလားတူ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ ရွာသာယာစုမှ အမျိုးသားတစ်ဦးအား အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားခဲ့သေးသည်။
ယခုနိုဝင်ဘာလတွင် လက်နက်ကြီး/ငယ်ပစ်ခတ်သံများကိုလည်း မြို့နှင့် နီးနီးကပ်ကပ် ပိုမိုကြားလာရပြီးနောက် အကြမ်းဖက်စစ်တပ်က လူဖမ်းပွဲ ပြန်လည် စတင်လာသဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်မှုမြင့်တက်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
“သားတွေ၊ လင်တွေ၊ မောင်တွေ၊ အကိုတွေ ပါသွားမလားပဲ စိတ်ပူနေရတယ်။ ယောက်ျားလေးတွေ ပိုပြီး ဒုက္ခရောက်တဲ့ခေတ်ဖြစ်နေပြီ။ နေ့တိုင်းလိုလိုကြားတယ်။ မနက်မိုးလင်းလို့အပြင်ထွက်ရင် ဟိုဖက်ရပ်ကွက်မှာ အဖမ်းခံရ၊ ဒီဖက်ရပ်ကွက်မှာ အဖမ်းခံရတယ်ဆိုပြီး” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက် ည ၁၀ နာရီခန့်က စစ်တွေမြို့၊ လမ်းမတော်မြောက်ရပ်ကွက်ကို စစ်တပ်၊ ရဲ၊ မီးသတ်နှင့် ထွေအုပ်တို့ပါဝင်သည့် အင်အား ၃၀ ခန့်ပါ အဖွဲ့က ဧည့်စာရင်းစစ်ရင်း အသက် ၄၀ အရွယ် ဦးသားပိုင်ကြီးဆိုသူကို ဖမ်းဆီးသွားကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောဆိုထားသည်။
အောက်တိုဘာလ ၂၅ ရက်၊ ည ၈ နာရီခွဲခန့်ကလည်း လမ်းမတော်မြောက်ရပ်ကွက်မှ Grade-12 ကျောင်းသားတစ်ဦးအပါအဝင် လူငယ်နှစ်ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။
ယင်းနေ့ညမှာပင် မင်းဂံရပ်ကွက် အကွက် ၉ နှင့် ၁၀ ကို စစ်သားများက စစ်ကားနှစ်စီးဖြင့် ဝင်ရောက်စစ်ဆေးစဉ် ဒေသခံအမျိုးသားခြောက်ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် စစ်မှုထမ်းသင်တန်းအတွက် အရပ်သားများအား ပိုမိုပစ်မှတ်ထားကာ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်းအခြေအနေကိုသိရှိသူများက ပြောသည်။
ဖမ်းဆီးခံရသူများသည် စစ်ကြောရေးသို့ ပို့ဆောင်ခံရကြောင်း သတင်းများထွက်နေသော်လည်း နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထိုသို့ အရပ်သားများကို ဖမ်းဆီးပြီးနောက် စစ်တပ်နှင့်ရဲကို ငွေပေးနိုင်လျှင် တချို့ကို ပြန်လွှတ်ပေးပြီး ငွေမပေးနိုင်သူများကို တရားရုံးတင်ကာ ထောင်ချမှုများနှင့် ငွေဒဏ်ရိုက်မှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။
စစ်တွေတွင် မကြာသေးခင်ကလည်း ပြည်သူ့စစ်သင်တန်းအတွက် စစ်သင်တန်းတက်ရန် မွတ်ဆလင်အပါအဝင် အကျဉ်းသားတချို့ကို ခလရ(၂၇၀)သို့ပို့ဆောင်ထားကြောင်းလည်း သိရသည်။







