သံတွဲတွင် နေရပ်မပြန်နိုင်သေးသည့်စစ်ဘေးရှောင်ငါးထောင်ခန့် ဆန်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

သံတွဲတွင် နေရပ်မပြန်နိုင်သေးသည့်စစ်ဘေးရှောင်ငါးထောင်ခန့် ဆန်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းမှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ငါးထောင်နီးပါးအတွက် ဆန်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့မှ မြေပြင်တာဝန်ရှိသူတစ်ဦးက “သူတို့မှာ ဆန်တွေ၊ ရိက္ခာတွေ ပြတ်လပ်နေတော့ သူတို့တွေ တခြားနယ်ဖက်ကိုတောင်သွားပြီးတော့ တောင်းရမ်းနေတဲ့ အနေအထားကြုံနေရပါတယ်။ တချို့နေရာတွေကို ကျနော်တို့ ကွင်းဆင်းတုန်းက ဆန်ပြုတ်တွေဘာတွေ သောက်စားရတာတောင် မမှန်ဖြစ်နေတာတွေ့ခဲ့ပါတယ်” ဟု နိရဉ္စရာကို ပြောသည်။

အကြမ်းဖက်မြန်မာစစ်တပ်၏ လေကြောင်းနှင့် ရေကြောင်းအန္တရာယ်ကြောင့် နေရပ်မပြန်နိုင်သေးသည့် သံတွဲမြို့နယ်တောင်ပိုင်းရှိ အဆိုပါစစ်ဘေးရှောင်ဦးရေ ငါးထောင်နီးပါးကို အလှူငွေရရှိမှု နည်းပါးလာခြင်းကြောင့် စားနပ်ရိက္ခာ‌ထောက်ပံ့ကူညီရန် အခက်အခဲများရှိနေကြောင်း သူက ဆက်ပြောသည်။

“ကျနော်တို့လည်း ပြည်တွင်းပြည်ပက အလှူရှင်တွေ အားနည်းသွားတော့ ကယ်ဆယ်ရေးလုပ်ဆောင်ရတာတွေ အခက်အခဲရှိပါတယ်။ အလှူရှင်တွေနည်းလာတော့ စစ်ရှောင်မိဘပြည်သူတွေကို စားနပ်ရိက္ခာကူညီရမှာက အရမ်းကို ခက်ခဲလာပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဆောင်းဝင်လာပြီဖြစ်၍ အဆိုပါစစ်ဘေးရှောင်များမှာ စောင်နှင့် အနွေးထည်များ လိုအပ်လျက် ရှိနေသော်လည်း ဝမ်းရေးက အဓိကအရေးကြီးနေသည်ဟု ၎င်းက ဆိုသည်။

“အဓိက စားနပ်ရိက္ခာက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အခြေခံစားသောက်ဖို့က အဓိက ကျပါတယ်။ စောင်တွေ၊ အနွေးထည်တွေလည်း လိုအပ်တာတွေရှိပါတယ်။ စားနပ်ရိက္ခာပြေလည်ဖို့က ပိုပြီး အဓိကကျပါတယ်” ဟု ဆိုသည်။

ထိုကြောင့် နေရပ်မပြန်နိုင်သေးသည့် သံတွဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများကို ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ၊ နိုင်ငံတကာကို ရောက်ရှိနေသည့် အာရက္ခလူမှုရေးအသင်းများမှ အတတ်နိုင်ဆုံး ဝိုင်းဝန်းလှူဒါန်းပေးရန်မေတ္တာရပ်ခံလိုသည်ဟုလည်း သူက ဆက်လက်ပြောဆိုခဲ့သည်။

သံတွဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် သံတွဲမြို့နယ်ရှိစစ်ဘေးရှောင်များသည် အကြမ်းဖက်စစ်တပ်၏ လေကြောင်းနှင့် ရေကြောင်းအန္တရာယ်တို့ကြောင့် နေရပ်မပြန်နိုင်ကြသေးဘဲ နီးစပ်ရာ ကျေးရွာများတွင် တဲထိုးနေထိုင်ခြင်းနှင့် ဆွေမျိုးနေအိမ်များတွင် နေထိုင်ကာ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

သံတွဲရှိ စစ်ဘေးရှောင်အများစုသည် ယခင်က သံတွဲမြို့နယ်အတွင်းတွင် ရေလုပ်ငန်းဖြင့် သက်မွေးဝမ်းကြောင်း ပြုခဲ့ကြသူများ ဖြစ်ကြောင်း ဆိုသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...