ရသေ့တောင်က ကျေးရွာ နှစ်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ရသေ့တောင်က ကျေးရွာ နှစ်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
Photo credit - social media
Photo credit - social media

အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာနှင့် နွားတင်းကုတ်ကျေးရွာကို နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက "မနက် ၁၀ နာရီကျော်လောက်မှာ ဘာထလေရွာကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲချတယ်။ ခဏလောက်နေတာနဲ့ နွားတင်းကုတ်ရွာဘက်ကို လာပြီး ဗုံးကြဲချသွားတာ။ ထိခိုက်ပျက်စီးမှုတော့ များတယ်။ လူတွေလည်း သေတယ်" ဟု ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၂ မိနစ်တွင် ဘာထလေကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၃ မိနစ် အကြာ ၁၀ နာရီ ၅ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ နွားတင်းကုတ်ကျေးရွာကိုလည်း ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးဒဏ်ရာရသူတို့၏ အသေးစိတ်အချက်အလက်များကို DMG က ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာနှင့် ရွာနီးစပ်ဖြစ်သော ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံခြေကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့၍ ဒေသခံ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့သည်။

လက်ရှိတွင် ဘာထလေနှင့် နွားတင်းကုတ် အနီးနားကျေးရွာများဖြစ်သော၊ လမုန်းတိုင်၊ လိုင်ဂွင်၊ လေးခွဆုံ၊ ညောင်ပင်လှ၊ စံကား၊ ထွန်းရဝေ(သစ်)၊ အလယ်ရွာ၊ စပါးထား၊ စသည့် ကျေးရွာသားများမှာ စိုးရိမ်မှုများစွာဖြစ်နေကြောင်း သိရသည်။

"လက်ရှိမှာ အဲဒီအနားက ကျေးရွာသားတွေက စိုးရိမ်စိတ် မြင့်တက်နေကြတယ်။ ဘယ်နားကို သွားပုန်းရမလဲ ဒီလိုစိုးရိမ်နေကြတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြိမ်သာ၊ ကျောက်သံခြေကိုလည်း ဗုံးကြဲသွားတော့ ခုရက်ပိုင်း ပိုပြီး စိုးရိမ်နေကြတယ်" ဟု ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော် ထိန်းချုပ်ရာမြို့နယ်များအား လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသဖြင့် ကလေးငယ်အပါအဝင် အရပ်သားထိခိုက်သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာနေပြီး ဒေသခံများမှာ စိုးရိမ်ကြောက်လန့်မှုများဖြင့် နေထိုင်နေကြရသည်။

ရသေ့တောင်မြို့နယ်ကို အာရက္ခတပ်တော်သည် ၂၀၂၄ မတ်လ ၁၇ ရက်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီသည် လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်က ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသား ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၃ ဦးထက်မနည်း အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့သည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...