အလှူရှင် နည်းလာခြင်းကြောင့် စစ်ရှောင်စခန်းများ အကူအညီရရှိရန် ခက်ခဲလာ

အလှူရှင် နည်းလာခြင်းကြောင့် စစ်ရှောင်စခန်းများ အကူအညီရရှိရန် ခက်ခဲလာ
Photo credit - ဗမာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ယက်
Photo credit - ဗမာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ယက်

မြန်မာပြည်တောင်ပိုင်းဒေသရှိ စစ်ဘေးရှောင်များအရေး အကူအညီပေးနေသည့်အဖွဲ့များကို ကူညီထောက်ပံ့ပေးသည့် အလှူရှင် နည်းပါးလာခြင်းကြောင့် စစ်ရှောင်စခန်းများ အကူအညီရရှိရန် ခက်ခဲသည်ဟု အဖွဲ့တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

မွန်၊ ကရင်နှင့် တနင်္သာရီတိုင်ဒေသကြီးတို့တွင် ပြီးခဲ့သည့် ၃ လတာအတွင်း စစ်ကော်မရှင်တပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှု၊ နေအိမ်မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးဝင်ရောက်မှုများကို စစ်ကော်မရှင်မှ ပိုမိုကျူးလွန်လာနေပြီး ဒေသခံများ၏ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်ဟု သိရသည်။

စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်ဦးရေ တိုးလာနေပြီး စားနပ်ရိက္ခာ၊ ရေသန့်နှင့် ဆေးဝါးလိုအပ်ချက်များ ပိုမိုများလာသော်လည်း အဖွဲ့အစည်းများအနေဖြင့် လုံလောက်စွာ ဖြည့်ဆည်းပေးရန် ခက်ခဲလာသည်ဟု ဗမာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ယက်မှ တာဝန်ရှိသူအမျိုးသမီးက ပြောသည်။

“သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေ၊ကလေးငယ်တွေဆို စိတ်ပင်ပန်းမှုတွေ၊ နေထိုင်လို့ အဆင်မပြေမှုတွေ အများကြီးပေါ့။ အလှူရှင်တွေဆီကနေ အကူအညီတွေက အရင်လိုမရနိုင်ဘူးပေါ့နော်၊ စကမအနေနဲ့ စစ်ကြောင်းထိုး၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းစတာတွေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ထိခိုက်တာတွေကများနေတယ်။ အချိန်ကြာလာတော့ အလှူရှင်တွေလဲ ပန်းလာကြပြီးလေ ဖြစ်တာကလဲ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုတော့” ဟု တာဝန်ရှိသူအမျိုးသမီးက ပြောသည်။

စစ်ဘေးရှောင်အရေး ကူညီနေသည့် ကုလသမဂ္ဂအဖွဲ့မှ အကူအညီများ ပြတ်တောက်သွားသည့်နောက် ခက်ခဲလာခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်ပအလှူရှင်အဖွဲ့အစည်း အနည်းငယ်ဖြင့်သာ ရပ်တည်နေရကြရကြောင်းလည်း သိရသည်။  

အကူအညီရရှိမှု မရှိခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းကြောင့် မွန်ဒေသအတွင်း ရေရှည် စစ်ဘေးရှောင်နေသူများအများစု ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြပြီး အနည်းစုသာ ဥယျာဉ်ခြံ၊ ဆွေမျိုးမိဘရှိရာနေရာများတွင် ခိုလှုံနေထိုင်ကြကြောင်း ရေးမြို့နယ်ဒေအတွင်း IDP ကူညီရေးအဖွဲ့မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

"စခန်းနေရာအတိအကျမှာ ရှောင်တာမဟုတ်တော့ဘူး။ သူတို့အဆင်ပြေသလို သူတို့နေနေရတယ်။ ဒါမဲ့သေချာတာတစ်ခုက သူတို့ရွာပြန်လို့မရတာတစ်ခုပေါ့။ ကျနော်တို့မှာ သူတို့ရှောင်နေတာ အကြာဆုံးချိန်က လနှင့်ချီရှောင်နေရတဲ့သူတွေရှိတယ်။ အများစုကသူတို့ကို လုံခြုံရေးပေးနိုင်တဲ့နေရာတွေကိုပဲ ရှောင်ကြတာပေါ့။ ယနေ့ထိ ရှောင်နေရတဲ့ သူတွေလည်း ရှိတယ်။ ကူညီထောက်ပံ့နိုင်သလောက်တော့ ကြိုးစားကူညီပေးတယ်" ဟု ထိုသူက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး၊ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့တိုက်ခိုက်မှု စသည့် စစ်ကော်မရှင်တို့၏ စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ပွဲများကြောင့် မွန်ပြည်နယ်တွင် ဒေသခံပြည်သူ ၄၀၀၀ ကျော်၊ ကရင်ပြည်နယ်တွင် ပြည်သူ ၅၀၀၀ ကျော်နှင့် တနင်္သာရီတိုင်းရှိ ရေဖြူမြို့တွင် ပြည်သူ ၂၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြောင်း  ဗမာပြည်တောင်ပိုင်း လူသားချင်း စာနာထောက်ထားမှု ကွန်ယက်မှ အချက်အလက်ရ သိရသည်။

အဆိုပါစစ်ဘေးရှောင်များ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ၊ အရေပြားရောဂါအပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများလည်း ရှိနေသည်။

ပြည်တွင်း ပြည်ပ အကူအညီများ လျော့နည်းလာသည့်နောက် စစ်ရှောင်များသည် တောင်ယာလုပ်ငန်းတွင် လည်းကောင်း၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းများတွင်လည်းကောင်း ဝင်ရောက်လုပ်ကိုလာကြပြီး ဝင်ငွေမရှိသည့် စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးပိုမိုခက်ခဲလာနေကြောင်း သိရသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...