ရခိုင်မြို့နယ်ငါးခုကို မြန်မာစစ်ကော်မရှင်က လေကြောင်းမှ သဲကြီးမဲကြီးတိုက်ခိုက်နေ၍ ၁၁ ရက်အတွင်း ကလေးနှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၃၁ ဦးသေဆုံးပြီး ၅၁ ဦးဒဏ်ရာရ

ရခိုင်မြို့နယ်ငါးခုကို မြန်မာစစ်ကော်မရှင်က လေကြောင်းမှ သဲကြီးမဲကြီးတိုက်ခိုက်နေ၍ ၁၁ ရက်အတွင်း ကလေးနှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၃၁ ဦးသေဆုံးပြီး ၅၁ ဦးဒဏ်ရာရ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် အပစ်ရပ်ပြီးနောက် အကြမ်းဖက် စစ်တပ်က အာရက္ခတပ်တော် (AA)ကို ဖိအားပေးရန် ရည်ရွယ်ပြီး ရခိုင်ရှိ မြို့နယ်ငါးခုမှ လူနေကျေးရွာ၊ ရပ်ကွက်များကို လေကြောင်းမှ သဲကြီး မဲကြီး ဗုံးကြဲတိုက်ခိုက်နေ၍ ၁၁ ရက်အတွင်း ရခိုင်ကလေးနှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၃၁ ဦးသေဆုံးပြီး ၅၁ ဦးဒဏ်ရာရရှိသွားပြီဟု သိရသည်။

အောက်တိုဘာလ ၂၉ ရက်မှ စတင်ကာ နိုဝင်ဘာလ ၈ ရက်အထိ ၁၁ ရက်အတွင်း ရခိုင်ရှိ AA ထိန်းချုပ်ထားသည့် ပေါက်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းနှင့် မင်းပြားစသည့်မြို့နယ်ငါးခုမှ ပြည်သူများကို အဓိက ပစ်မှတ်ထားကာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေခြင်းဖြစ်သည်။

အောက်တိုဘာ ၂၉ ရက်ဖြစ်စဉ်။ (တစ်ဦးဒဏ်ရာရ)

အောက်တိုဘာ ၂၉ ရက်၊ နေ့လယ်တွင် အကြမ်းဖက်မြန်မာစစ်တပ်ထိန်းချုပ်ထားသည့် စစ်တွေတပ်ရင်းတစ်ခုက လက်နက်ကြီးကျည်ဖြင့် ပေါက်တောမြို့နယ်မှ လူနေကျေးရွာများကို လှမ်းပစ်ခဲ့သည့်အတွက် တောင်ညိုကျေးရွာမှ မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး ရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသွားခဲ့သူမှာ ဦးနေဇော်ထွန်း၏သမီး မဇင်ချိုအိ(၅)နှစ်ဖြစ်ပြီး ဦးခေါင်း၌ လက်နက်ကြီး ကျည်စထိမှန် သေဆုံးသွားခဲ့သလို ဦးနေဇော်ထွန်းနှင့် ဦးမောင်စိန်ဝင်း (၆၆)နှစ်တို့တွင်လည်း ဒဏ်ရာရရှိသွားခဲ့သည်။

အောက်တိုဘာလ ၃ဝ ရက်ဖြစ်စဉ်။ (တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ)

အောက်တိုဘာလ ၃ဝ ရက်၊ နေ့လယ်တွင် စစ်တွေအခြေစိုက် အကြမ်းဖက်စစ်တပ်၏တပ်ရင်းတစ်ခုက ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

သေဆုံးသွားသူမှာ အဆိုပါကျေးရွာမှ ဦးထွန်းအေးလှိုင် (၅၂)နှစ်ဖြစ်ပြီး ဝမ်းဗိုက်ပေါက်ထွက်ဒဏ်ရာနှင့် ခြေသလုံးကျည်စထိမှန်ဒဏ်ရာတို့ဖြင့် ပွဲချင်းသေဆုံးသွားခြင်းဖြစ်သည်။

နောက်ထပ် ရွာသားနှစ်ဦးဖြစ်သည့် ကိုဖြိုးဝေထွန်း (၂၂)နှစ်နှင့် ဦးမောင်မောင်ဌေး (၃၈)နှစ်တို့တွင်လည်း တင်ပဆုံ၊ ခါး၊ နောက်ကျောနှင့် လည်ပင်းတို့တွင် ကျည်စထိမှန်ဒဏ်ရာရရှိသွားခဲ့သည်။

အောက်တိုဘာ ၃ဝ ရက်၊ ညနေပိုင်းဖြစ်စဉ်။ (ရှစ်ဦးသေ၊ ၁၈ ဦးဒဏ်ရာရ)

ယင်းနေ့ ညနေပိုင်းတွင်လည်း ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေရွာကို အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သည့်အတွက် ဒေသခံနှင့် စစ်ဘေးရှောင် အမျိုးသမီးလေးဦးနှင့် အမျိုးသားလေးဦး၊ စုစုပေါင်း ရှစ်ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရရှိသွားခဲ့သည်။

သေဆုံးသွားသူများမှာ ဇင်ချောင်းကုန်ဘောင်ကြီးရွာမှ မစံပယ်ဝင်း(၂၁)နှစ်၊ ဒေါ်သန္ဒာငြိမ်း(၅၃)နှစ်၊ မင်းရပ်ရွာမှ ဒေါ်မေမြတ်သူ (၃၁)နှစ်၊ ဦးမောင်မြင့်စိုး(၃၅)နှစ်၊ ဇင်ချောင်းနယ်၊ ပယ်တော်ရွာမှ ကိုအောင်ပိုင်ထွေး(ခ) ဗမာချေ(၂၇)နှစ်၊ မူရွင်းရွာမှ မစုမယေ(၁၇)နှစ်)တို့နှင့် နောက်ထပ်နှစ်ဦး၊ စုစုပေါင်း ရှစ်ဦးဖြစ်သည်။

ဒဏ်ရာရသွားသည့် စစ်ဘေးရှောင် ၁၈ ဦးမှာလည်း ကျောက်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်မှ တစ်ဦး၊ ဇင်ချောင်းကုန်ဘွေရွာမှ ၁၄ ဦး၊ မင်းရပ်ရွာမှ တစ်ဦး၊ ကင်းပင်လယ်နားရွာမှ တစ်ဦးနှင့် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ အလယ်ပိုင်းရပ်ကွက်မှ တစ်ဦး၊ စုစုပေါင်း ၁၈ ဦးဖြစ်သည်။

အောက်တိုဘာ ၃၁ ရက်ဖြစ်စဉ်။ (လေးဦးသေ၊ ကိုးဦးဒဏ်ရာရ)

အောက်တိုဘာ ၃၁ ရက်၊ နံနက်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို အကြမ်းဖက်လေတပ်က ဗုံးလာကြဲခဲ့သည့် အတွက် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦး၊ စုစုပေါင်း အရပ်သားလေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိသွားခဲ့သည်။

သေဆုံးသွားသူများမှာ ဒေါ်အေးမြဝင်း(၃၆)နှစ်၊ မောင်ဉာဏ်ထက်အောင် (၉)နှစ်၊ မဖြိုးဖြိုး (၂၃)နှစ်နှင့် မောင်ထက်မြက်နိုင် (၅)နှစ်တို့ ဖြစ်ကြသည်။

ဒဏ်ရာရသည့်ကိုးဦးမှာလည်း ဦးမောင်ဆန်းဝင်း (၃၈)နှစ်၊ ဦးစံကျော်လှ (၆၄)နှစ်၊ ဦးကျော်ဆန်း (၄၄)နှစ်၊ ဒေါ်မသိန်းရွှေ (၄၃)နှစ်၊ ဒေါ်ခင်မေသန်း (၄၅)နှစ်၊ ဦးမောင်အေးနိုင် (၄၈)နှစ်၊ မဖြိုးအေးခိုင် (၁၂)နှစ်၊ မသူဇာဝင်း (၂၂)နှစ်နှင့် ဒေါ်အေးဆန်းယဉ် (၃၈)နှစ်တို့ဖြစ်ကြသည်။

နိုဝင်ဘာလ ၇ ရက်၊ နံနက် ၁၁ နာရီခန့်ဖြစ်စဉ်။ (တစ်ဦးဒဏ်ရာရ)

နိုဝင်ဘာလ ၇ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာကို စစ်တွေအခြေစိုက် အကြမ်းဖက်စစ်တပ်၏ ၃၄၄ တပ်ရင်းမှ ၁၂ဝ မမလက်နက်ကြီးကျည်ဖြင့်လှမ်းပစ်ခဲ့သည့်အတွက် ကွမ်းတောင်ရွာသား ဦးသန်းမောင် (၅၅)နှစ်ဒဏ်ရာ ရရှိခဲ့သည်။

နိုဝင်ဘာလ ၇ ရက်၊ နံနက် ၁၁ ခွဲခန့်ဖြစ်စဉ်။ (တစ်ဦးဒဏ်ရာရ)

ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ ၇ ရက်၊ နံနက် ၁၁ နာရီခွဲဖြစ်စဉ်။ (ခြောက်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ)

အလားတူ နံနက် ၁၁ နာရီခွဲတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာကို အကြမ်းဖက်လေတပ် ဗုံးကြဲခဲ့သည့်အတွက် အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦး၊ စုစုပေါင်း ခြောက်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာ ရရှိသွားခဲ့သည်။

သေဆုံးသွားသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ရွာမှ မောင်ငြိမ်းချမ်းကျော်(၁၁)နှစ်၊ မခင်ချိုထွန်း (၁၄)နှစ်၊ ဒေါ်လှမြသန်း (၅၀)နှစ်၊ ဒေါ်နုနုလွင် (၄၃)နှစ်နှင့် ယိုးတရုတ်ရွာတွင် စစ်ဘေးရှောင်နေသည့် ပုဏ္ဏားကျွန်းမြို့မှ ဦးခင်ဆန်းဦး (၃၉)နှစ်နှင့် ဒေါ်အေးငြိမ်းချို(၃၃)နှစ်တို့ဖြစ်သည်။

ဒဏ်ရာရရှိသွားသူများမှာ ယိုးတရုပ်ရွာတွင် အလည်အပတ်ရောက်ရှိနေသည့် ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာမှ မောင်ဇွဲထက်ဟိန်း(၁၁)နှစ်၊ မခိုင်သော်တာ(၁၇)နှစ်၊ ယိုးတရုပ်ရွာမှ ဦးမောင်ထွန်းနု(၃၄)နှစ်၊ ဒေါ်နှင်းအေးခင်(၆၃)နှစ်၊ ဦးသိန်းထွန်း(၅၅)နှစ်နှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့ဖြစ်သည်။

နိုဝင်ဘာလ ၇ ရက်၊ ည ၈ နာရီခွဲခန့်ဖြစ်စဉ်။ (ငါးဦးသေ၊ ကိုးဦးဒဏ်ရာရ)

ယင်းနေ့ညနေ ၈ နာရီခွဲခန့်တွင် မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ကိုလည်း အကြမ်းဖက်လေတပ်က လေကြောင်း တိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသူနှစ်ဦးအပါအဝင် အရပ်သားငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်။

သေဆုံးသွားသူများမှာ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ ကျောင်းသူ မသိင်္ဂီကျော်(၁၅)နှစ်၊ ဥက္ကာပျံရပ်ကွက်မှ ကျောင်းသူ မခိုင်စန်းရွှေ(၁၇)နှစ်၊ မြို့သစ်ရပ်ကွက်မှ ဦးမောင်သန်းဌေး(၄၆)နှစ်၊ မြေပုံမြို့နယ်၊ အလယ်ကျွန်းရွာမှ မင်းပြားတွင်စစ်ဘေးရှောင်နေသည့် ဦးဦးမောင်သန်း(၅၃)နှစ်နှင့် သားဖြစ်သူ ကိုသန်းမောင်ဌေး (၃၀)နှစ်တို့ ဖြစ်ကြသည်။

နိုဝင်ဘာလ ၈ ရက်၊ နေ့လယ်ဖြစ်စဉ်။ (လေးဦးသေ၊ သုံးဦးဒဏ်ရာရ)

နိုဝင်ဘာလ ၈ ရက်၊ နေ့လယ်က ပေါက်တောမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်၍ အရပ်သားလေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားခဲ့သည်။

နိုဝင်ဘာလ ၈ ရက်၊ နေ့လယ်ဖြစ်စဉ်။ (နှစ်ဦးသေ)

နိုဝင်ဘာလ ၈ ရက်၊ နေ့လယ်တွင်ပင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံခြေရွာကို လေကြောင်းတိုက်ခိုက်၍ ရွာသူအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရသည်။

ယခုကဲ့သို့ ရခိုင်ပြည်သူများကို ဆက်တိုက်ဗုံးကြဲသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်၏လုပ်ရပ်မှာ အလွန်တရာအောက်တန်းကျသည့်လုပ်ရပ်ဖြစ်သည်ဟု ဒေသခံရခိုင်အမျိုးသမီး မနှင်းဝေဝေရည်က နိရဉ္စရာကို ပြောသည်။

“သူတို့(စစ်ကော်မရှင်တပ်)တွေအောက်တန်းကျအားကြီးလို့လည်း ဒီပြည်သူလူထုတွေကို တိုက်ခိုက်နေတာ။ ဒီအပြစ်မရှိတဲ့ပြည်သူလူထု၊ ပရဟိတသမားတွေကို သတ်ဖြတ်နေတာဖြစ်တယ်။ သူတို့တွေကသာ ပုံမှန်သဘောထားအနေနဲ့ စစ်ကိုစစ်နဲ့တူအောင်သတ်မယ်ဆိုရင် အာရက္ခတပ်တော်ဆီကို သွားရမယ်။ ဒီအာရက္ခတပ်တော်ကိုလည်း တစ်ခုမှသွားလုပ်တာလည်း မမြင်ဘူး။ သူတို့တွေဝင်ပြီးတော့ ပြည်သူလူထုနဲ့ ဒီပရဟိတသမားတွေကိုပစ်မှတ်ထားပြီး သတ်ဖြတ်နေတယ်။ ဒီဟာသည် လုံးဝအောက်တန်းကျပြီးတော့ စိတ်ပျက်ဖို့အကောင်းဆုံး၊ ရွံဖို့အကောင်းဆုံးစိတ်ဓာတ်တွေဖြစ်တယ်။ ဒီထက်လည်း အများကြီးလုပ်ဆောင်လာနိုင်တဲ့အတွက် ရခိုင်ပြည်တွင်းထဲမှာနေထိုင်တဲ့ပြည်သူလူထုတစ်ရပ်အနေနဲ့လည်း အစစအရာရာဆင်ခြင်ဖို့၊ သတိဝိရိယနဲ့နေထိုင်ဖို့လိုအပ်တယ်လို့တော့ ထင်မြင်မိပါတယ်”ဟု သူမ ပြောသည်။

ရခိုင်တွင် AA သိမ်းပိုက်ထားသည့်မြို့များအနက် အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့လေးမြို့ကို အောက်တိုဘာလ နောက်ဆုံးထား၍ ပြန်ပေးရန် တရုတ်အစိုးရမှတဆင့် စစ်ကော်မရှင်က တောင်းဆိုခဲ့သော်လည်း AA က ပြန်ပေးရန် ငြင်းဆန်ခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

ယင်းသို့ ပြန်ပေးရန် ငြင်းဆန်ခဲ့သည့်အတွက် ယခုကဲ့သို့ အရပ်သားပြည်သူများနေထိုင်သည့်မြို့/ ရွာများကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် တိုက်ခိုက်နေခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်နေကြသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...