သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။
TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ကာ ၎င်းတို့လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနမှ ရပ်ကွက်အလိုက် လူဦးရေနှင့် အိမ်ထောင်စုစာရင်းများ ထပ်မံကောက်ယူနေကြောင်း ဒေသခံများက ပြောသည်။
အလားတူ TNLA က ပြုလုပ်ပေးမည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများနှင့် ပတ်သက်၍ နမ့်ခမ်းမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုလည်း အောက်တိုဘာလ ၂၇ ရက်တွင် အစည်းအဝေး ခေါ်ယူခဲ့ကြောင်း နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မှတ်ပုံတင် လုပ်ရင်တော့ လွတ်လွတ်လပ်လပ် သွားလာလို့ရမယ်လို့ ပြောတာပဲ။ နမ့်ခမ်းက လူတွေက တရုတ်ပြည်မှာ အလုပ်သွားလုပ်တာ များတော့ မူဆယ်နဲ့ နမ့်ခမ်းကြားထဲမှာရှိတဲ့ TNLA ဂိတ် ၂ ခု၊ ၃ ခုက စစ်ရင် မှတ်ပုံတင်မရှိလို့ ပေးမသွားတာမျိုး စိုးရိမ်ကြတယ်။ သွားမလုပ်ရင် သူတို့ဂိတ်တွေကို ပေးမဖြတ်ဘူးဆိုတာမျိုး ခြိမ်းခြောက်တာတွေလည်း ရှိတယ်” ဟု အဆိုပါ နမ့်ခမ်းဒေသခံ အမျိုးသားက ပြောသည်။
TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင် မရှိပါက နမ့်ခမ်းဒေသခံများကို ဂိတ်ဖြတ်သန်းခွင့် မပြုကြောင်း ပြောဆိုမှုနှင့် ပတ်သက်၍ မေးမြန်းအတည်ပြုနိုင်ရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
နမ့်ခမ်းမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုအတွက် ကျပ်တစ်သောင်း၊ မှတ်ပုံတင်တစ်ခုလျှင် ကျပ်တစ်သောင်း နှင့် စမတ်ကတ်အတွက် ကျပ်ငါးထောင် ပေးဆောင်ရပြီး အင်္ဂလိပ်၊ မြန်မာနှင့် တအာင်း (ပလောင်) ဘာသာတို့ဖြင့် ရေးသားထားကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် TNLA ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကိုလည်း နိုင်ငံခြားသား ယာယီနေထိုင်ခွင့်ကတ်ပြားများ ပြုလုပ်ပေးနေပြီး ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ် သက်တမ်းတိုးရန် လိုအပ်ကြောင်း နမ့်ခမ်းမြို့ရှိ နယ်စပ်ကုန်သည်များက ပြောသည်။
“တရုတ်တွေကို ယာယီနေထိုင်ခွင့်ကတ် လုပ်ပေးတာရှိတယ်။ ၃ လ၊ ၆ လ အဲဒီလို သက်တမ်းတိုးရတယ်။ အဲဒီကတ်ရှိရင် TNLA ထိန်းချုပ်တဲ့ နယ်မြေထဲ လွတ်လွတ်လပ်လပ် သွားလို့ရမယ် ပြောတယ်။ နယ်စပ်မှာ ဆိုတော့ ပလောင်တပ်နဲ့ အလုပ်လုပ်တဲ့ တရုတ်ကုန်သည်တွေလည်း များတယ်” – ဟု နမ့်ခမ်းဒေသခံ ၎င်းအမျိုးသားက ထပ်လောင်းပြောကြားသည်။
နမ့်ခမ်းမြို့ကို “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း TNLA က ထိန်းချုပ်ခဲ့ပြီးနောက် ကုန်စုံဆိုင်နှင့် လုပ်ငန်းမျိုးစုံထံ အခွန်တိုးမြှင့်ကောက်ခံခြင်း၊ ယခုနှစ် ၂၀၂၅ မေလမှ စတင်ကာ မော်တော်ယာဉ် လိုင်စင်များ ပြုလုပ်ခိုင်းခြင်း အပြင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းပါ ထပ်မံပြုလုပ်ခိုင်းခြင်းကြောင့် ငွေကုန်ကြေးကျ များလာပြီး အခက်အခဲ ကြုံတွေ့နေရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။
TNLA ပြုလုပ်ပေးသည့် ယာဉ်လိုင်စင်များနှင့် မှတ်ပုံတင်များသည် ၎င်းတို့ ထိန်းချုပ်နယ်မြေ၌သာ အကျုံးဝင်ပြီး၊ အခြားမြို့များသို့ သွားလာပါက စစ်ကောင်စီလက်အောက်ခံများ၏ စစ်ဆေးမေးမြန်း မှုကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။
“ကားလိုင်စင် လုပ်ခိုင်းတာလည်း မကြာသေးဘူးလေ။ အဲဒါလည်း မူဆယ်လောက် သွားရင်ပဲ မလုံခြုံတော့ဘူး။ စစ်တပ် ဒါမှမဟုတ် ရဲက တွေ့ရင်လည်း ရစ်တယ်။ တချို့လည်း မေ့ပြီးတော့ TNLA လိုင်စင်နဲ့ မူဆယ်ဘက် ရောက်သွားတာ၊ ရဲက ခေါ်စစ်ပြီး ဟိုမေးဒီမေး ရစ်နေတာ။ TNLA ကို ဘယ်လောက်ပေးရလဲ မေးတယ်။ ၃ သိန်းပေးရရင် ရဲကိုလည်း ၃ သိန်းပေးမှ ပြန်လွှတ်ပေးတာ” ဟု မူဆယ်-နမ့်ခမ်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ရှင်းပြသည်။
၂၀၂၅ ခုနှစ်အတွင်း သီးသန့်ပြန်လည် ဖွဲ့စည်းခဲ့သည့် TNLA ၏ လူဝင်မှုကြီးကြပ်ရေးဌာနသည် ထိန်းချုပ်ဒေသအတွင်းရှိ လူဦးရေစာရင်း အမှန်ကို ပြုစုထိန်းသိမ်းရန်၊ လူအဝင်အထွက် စာရင်းများကို ကြပ်မတ်ထိန်းသိမ်းရန်၊ မှတ်ပုံတင် ထုတ်ပေးခြင်း၊ ကြီးကြပ်ခြင်းဖြင့် ပြည်နယ်သား အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇-၂၈ ရက်နေ့များတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် TNLA နှင့် စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သည်။ သဘောတူ သတ်မှတ်ထားသည့် ကာလတွင် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ TNLA တပ်ဆုတ်ခွာပေးမည် ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြား ရေးဌာနမှ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။







