တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ်ကော်မရှင်တို့ အပစ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးရခြင်းမှာ အရပ်သားထိခိုက်မှုများကြောင့် ခက်ခဲသော ဆုံးဖြတ်ချက်ချမှတ်ခဲ့ရခြင်း ဖြစ်သည်ဟု TNLA က ပြောသည်။
တအာင်းတပ်မတော် (TNLA) သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ စစ်ကော်မရှင်တပ်နှင့် လက်မှတ်ရေးထိုးခဲ့သည့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်သည် ၎င်းတို့အတွက် အလွယ်တကူ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ဘဲ ခက်ခဲသော ရွေးချယ်မှု ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
သဘောတူစာချုပ် ရေးထိုးရန် ရက်ပိုင်းအလို၌ TNLA ထိန်းချုပ်နယ်မြေများအတွင်း စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှုများ ရက်ဆက် ပြုလုပ်ခဲ့ပြီးနောက် အရပ်သား ထိခိုက်မှုများ တိုးလာခဲ့သည်။
ယင်းအခြေအနေကြောင့် လူထု၏ ဘေးကင်းလုံခြုံမှုနှင့် ထိခိုက်နစ်နာမှု လျော့နည်းစေရန် ရည်ရွယ်၍ ယခုကဲ့သို့
ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့မှ ခက်ခက်ခဲခဲ ရွေးချယ်ဆုံးဖြတ် ရတာ ဖြစ်တယ်။ အဓိကတော့ လူထုတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ လူထုတွေရဲ့ ထိခိုက်နစ်နာမှု လျော့နည်းသွား အောင်၊ စစ်ရေးဖိအားတွေ အခြားသော ဖိအားတွေကြားက ပိုပြီးတော့ နစ်နာလာတာမျိုးတွေ ရှိလာတာကြောင့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ရွေးချယ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခု အောက်တိုဘာလအတွင်း TNLA ထိန်းချုပ်နယ်မြေများ၌ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ကျော် ထိခိုက်သေဆုံးခဲ့ရပြီး ၈၀ ကျော် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည် ဟု သတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ စာချုပ်တွင် အောက်တိုဘာ ၂၉ ရက်မှ စတင်၍ နှစ်ဖက်တပ်များ ရောက်ရှိသည့် နေရာ၌ အပစ်ရပ်ရ မည်ဟု ပါရှိသည်။
TNLA အနေဖြင့်လည်း စစ်ကော်မရှင်တပ်က တအာင်းဒေသများအား လေကြောင်းတိုက်ခိုက်မှု၊ ထိုးစစ်ဆင်မှု များ ရပ်တန့်ခြင်းရှိမရှိကို အနီးကပ် လေ့လာစောင့်ကြည့်သွားမည် ဟု လွေးယေဦးက ပြောသည်။
လွေးယေဦးက “လောလောဆယ်မှာတော့ ကျမတို့က ဒီအပေါ်မှာ လေ့လာစောင့်ကြည့်သွားမယ်။ စောင့်ကြည့် လေ့လာရေးကိုပဲ ပိုပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု အတည်ပြုခဲ့သည်။
TNLA တပ်ဖွဲ့များမှာ ရှမ်းပြည်မြောက်ပိုင်းရှိ မိုးမိတ်မြို့ နှင့် မိုးကုတ်မြို့ တို့မှ ဆုတ်ခွာရမည် ဖြစ်သော်လည်း၊ မန္တလေး PDF နှင့် မိုးကုတ်ဗျူဟာတို့အပါအဝင် မဟာမိတ်တပ်ဖွဲ့များက ၎င်းတို့ ထိန်းချုပ်နယ်မြေများကို အစွမ်း ကုန် ကာကွယ်သွားမည်ဟု ထုတ်ပြန်ထားပြီး ဖြစ်သည်။
TNLA မှ မြို့တွင်း ကျန်ရှိနေသည့် ပြည်သူများအား ၎င်းတို့ ထိန်းချုပ်ထားသော အခြားမြို့နယ်များသို့ လာရောက် အကူအညီတောင်းခံ ခိုလှုံနိုင်သည်ဟု လွေးယေဦးက အမှာစကားပါးခဲ့သည်။
လွေးယေဦး၏ ပြည်သူသို့ မှာကြားချက်မှာ “လောလောဆယ်မှာတော့ ကျမတို့က လူထုနဲ့အတူ ရပ်တည်ပါ တယ်။ မြို့သိမ်းကာလမှာ ကျမတို့ကို ဝိုင်းဝန်းကူညီပေးကြတဲ့ လူတွေကိုလည်း ကျမတို့ အခုလို ပြန်လက်လွှတ် ပေးရတာ စိတ်တော့မကောင်းဘူး။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်ပါတယ်။ လူထုအနေနဲ့ ကျမတို့ ထိန်းချုပ် ထားတဲ့ အခြားမြို့နယ်တွေမှာ လာရောက်ခိုလှုံနိုင်ပါတယ်၊ အကူအညီတောင်းခံနိုင်ပါတယ်”ဟု ပြောသည်။
TNLA တပ်များမှာ ယခုလက်ရှိ အချိန်၌ ၎င်းတို့ ထိန်းချုပ်ဒေသများမှ စတင်ဆုတ်ခွါနေပြီဖြစ်ပြီး မည်မျှ ကြာမြင့်မည်ကို မသိရသေးပေ။
စစ်ရေးလေ့လာစောင့်ကြည့်သူများက လတ်တလော သဘောတူညီချက်သည် စစ်ကော်မရှင်နှင့် TNLA အတွက်သာ အကျုံးဝင်သဖြင့် အပစ်ရပ်ကာလအတွင်း စစ်ကော်မရှင်တပ်သည် TNLA အစား ရှမ်းမြောက်ရှိ အခြား လက်နက်ကိုင်တပ်များနှင့် တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်ပြီး စစ်ရေးအခြေအနေ ပိုမို ရှုပ်ထွေးလာနိုင်သည် ဟု သုံးသပ်နေကြကြောင်း နီးစပ်သည့် စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။







