ကသာမှာ ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

ကသာမှာ ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

စစ်ကိုင်းနဲ့ ကချင်အစပ် ကသာမြို့က ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က မနေ့ကညပိုင်း ၁၀ နာရီကျော် လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ရတယ်လို့ ကသာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ခြေထောက်ရွာက ဘုန်းကြီးကျောင်းဝန်းအတွင်းက ဓမ္မာရုံနှင့် ဂရုဏာ ပရဟိတကားလည်း ပျက်စီးခဲ့ရသလို အရပ်သားနေအိမ် ၁၄ လုံးလည်းပျက်ဆီးခဲ့ရတယ်လို့ ကသာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဗုံးသီး ၁၀ လုံး ထက်မနည်း ကြဲချခဲ့တာလို့ ညောင်ခြေထောက်ကျေးရွာနားက ဒေသခံတွေက ပြောပါတယ်။

“လူတွေကတော့သေတယ်။ ၁၀ နှစ်သားလေးရော တစ်အိမ်တည်းက သုံးယောက်တဲ့။ သိရသလောက်တော့ သေဆုံးသူက ၅ ဦးပါ။ သူတို့က ကလပ်စတာဗုံးတွေ ကြဲတာတဲ့။ ချလိုက်တာတော့ တစ်လုံးဘဲ ပြီးတော့မှ ဆင့်တွဲတွေ ပေါက်ကွဲတာ ဒါတောင်ရေထဲကျလို့တဲ့” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကလပ်စတာဗုံးသီးတွေဟာ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ လက်နက်အမျိုးအစားဖြစ်ပြီး အမြောက်၊ လောင်ချာ၊ ဒုံးကျည်နဲ့ တိုက်လေယာဉ်တွေမှာ တပ်ဆင်ပစ်လွှတ်နိုင်တဲ့ အမျိုးအစား ဖြစ်ပါတယ်။

ဒါဇင်နဲ့ချီပြီး ထပ်ဆင့်ပေါက်ကွဲနိုင်သလို နေရာဝေးဝေးအထိ လွင့်စင်ပေါက်ကွဲနိုင်တဲ့ ဗုံးအသေးစားလေးတွေ အသုံးပြုထားပြီး နိုင်ငံတကာကပါ ပိတ်ပင်ထားတဲ့ ဖျက်အားပြင်း ဗုံးသီးအမျိုးအစားဖြစ်တယ်လို့ ထပ်ဆင့်ပေါက်ကွဲ လက်နက်ပစ္စည်းများ ညွန့်ပေါင်းအဖွဲ့ CMC က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရသူတွေဟာ ၁၀နှစ်အရွယ်ကလေးငယ်တစ်ဦး( ကျား )၊ အသက် ၆၀ ကျော် အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး နဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသီး ၂ ဦးတို့ဖြစ်ပြီး အသက် ၉၀ ကျော်အရွယ် အဘွားအိုတစ်ဦးအပါအဝင် ၇ ဦးက စိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။

ကသာမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ဒီရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာမရှိဘဲ ရုတ်တရက်ဗုံးကြဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ညအချိန် ပြည်သူများနေထိုင်တဲ့ ကျေးရွာကို အကြောင်းမဲ့ ဗုံးကြဲခံရတာကြောင့် မသေသင့်ပဲ ပြည်သူ့ အသက် အိုးအိမ်များ ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစလို့ စစ်ကောင်စီရဲ့လက်ချက်ကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ အရပ်သား စုစုပေါင်း ၇၄၀၀ ကျော် သေဆုံးခဲ့ရပြီး အဲ့ဒီထဲမှာ ကလေးငယ်သေဆုံးမှုက ၉၀၀ ကျော်အထိ ပါဝင်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း AAPP က အောက်တိုဘာလ ၂၉ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...