နမ့်ခမ်းဒေသခံများ လေကြောင်းအန္တရာယ် စိုးရိမ်နေရ

နမ့်ခမ်းဒေသခံများ လေကြောင်းအန္တရာယ် စိုးရိမ်နေရ

“၁၀၂၇ စစ်ဆင်ရေး” နှစ်ပတ်လည်နေ့တွင် သျှမ်းပြည် နမ့်ခမ်းမြို့ ဒေသခံများသည် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။

ယနေ့ (အောက်တိုဘာလ ၂၇ ရက်) တွင် ကျရောက်သည့် “၁၀၂၇ စစ်ဆင်ရေး” နှစ်နှစ်ပြည့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း နမ့်ခမ်းမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့တော့ “၁၀၂၇ စစ်ဆင်ရေး” နောက်ထပ်တစ်နှစ် ပြည့်တာဆိုတော့ ပြည်သူတွေက လုံခြုံရေးအတွက် စိုးရိမ်ပြီး စိတ်ပူနေကြတာ။ တချို့ဆိုင်တွေလည်း ပိတ်ထားသလို တချို့ကြ နည်းနည်းဖွင့်ထားတယ်၊ ဘယ်သူမှ အပြင်ကို မထွက်ကြဘူး။ ဈေးမှာလည်း ဈေးရောင်းတဲ့လူကို မရှိတာ၊ လေကြောင်း ဗုံးကြဲမှာကို စိတ်ပူကြတာ”ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့တွင် ဒေသခံများ လေကြောင်းအန္တရာယ် စိုးရိမ်နေခြင်းကြောင့် ဈေး၊ ကုန်စုံဆိုင်၊ စာသင်ကျောင်း၊ စားသောက်ဆိုင် စသည်တို့ကို ပိတ်ထားကြပြီး မြို့အတွင်းတွင်လည်း သွားလာသူ ပုံမှန်ရက်ထက် နည်းပါးကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နေ့လည် ၁၂ နာရီဝန်းကျင်တွင် TNLA ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ် မန်ကျည်းပင်ရွာ၊ ဝဲပေါင်းရွာနှင့် မြစ်ဆုံရွာတို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်၊ မီးသတ်ရုံးနှင့် အဆောက်အဦအချို့ ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်တပ်သည် အောက်တိုဘာလအတွင်း ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် TNLA ထိန်းချုပ်ထားသည့် မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်များပါ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ်အနီးရှိ နမ့်ခမ်းမြို့ဘက်လည်း လေကြောင်းအန္တရာယ် သတိထားနေရကြောင်း ဒေသခံများက ပြောသည်။

Most read this week

February 7, 2026
သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း...
February 6, 2026
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဝမ်စယ်ကျေးရွာသား (၉) ဦးကို...
February 6, 2026
စိုင်းဆိုင်အိုက် — မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း...
February 5, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန်...