ရခိုင်ပြည်၊ မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦး အပါအဝင် ကျေးရွာသား ၃ ဦးကို မွတ်ဆလင်လက်နက်ကိုင် ARSA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (အောက်တိုဘာ ၂၄) နံနက် ၈ နာရီကျော်တွင် ကင်းချောင်းကျေးရွာအနီး မယူတောင်ခြေရင်း၌ နွားကျောင်းနေသည့် ကျေးရွာသားများကို ARSA တပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ဖမ်းဆီးရန် ကြိုးပမ်းရာတွင် ကျေးရွာသား ၃ ဦးမှာ ထွက်ပြေးလွတ်မြောက် လာသော်လည်း ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
“ဒီနေ့မနက် ရွာအပြင်တောင်နားမှာ နွားကျောင်းနေကြတာ။ အဲဒီအချိန် သေနတ်ကိုင်ထားတဲ့ ARSA တွေက မိန်းကလေးငယ်ရော၊ နောက်ထပ် နှစ်ယောက်ကိုပါ ဖမ်းသွားတယ်။ လွတ်လာတဲ့ ၃ ယောက် ကတော့ ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
ARSA မှ ဖမ်းဆီးသွားသည့် ကျေးရွာသား ၃ ဦး မှာ အသက် ၁၆ နှစ်အရွယ် မမိစန္ဒာ၊ အသက် ၄၁ နှစ် အရွယ် ဦးမောင်ဘထွန်းနှင့် အသက် ၂၀ နှစ်အရွယ် မောင်ထွန်းအေး တို့ဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူများမှာ ကိုကျော်ခိုင်၊ ဦးပန်းချေနှင့် ဦးဘထွန်း တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများက ပျောက်ဆုံးနေသူများကို လိုက်လံရှာဖွေမှု လုပ်နေကြောင်း သိရသည်။
“အခု လောလောဆယ်ကတော့ ကျေးရွာတာဝန်ရှိသူတွေ လုံခြုံရေးတပ်တွေ ပေါင်းပြီး မယူတောင် အနီးနားမှာ လိုက်ရှာနေကြတယ်။ အမျိုးသမီးလေး တစ်ဦးအတွက် အားလုံးက စိုးရိမ်နေကြတယ်ဗျာ။ အနီးနား ရွာသားတွေလည်း တောထဲ မသွားရဲကြတော့ဘူး။ နွားကျောင်းတာ၊ ထင်းရှာတာ၊ ငါးရှာတာ မရှိကြတော့ဘူး။ အဓိက ကျောက်ပန္ဒူကနေ AA တိုက်လို့ တပ်ဆုပ်လာတဲ့သူတွေ ဖြစ်နိုင်တယ်” ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခင်က ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် မောင်တောမြောက်ပိုင်းတွင်သာ လှုပ်ရှားနေသည့် ARSA တပ်ဖွဲ့ဝင်များသည် ယခုအခါ မောင်တောတောင်ပိုင်းအထိ စိမ့်ဝင်လှုပ်ရှားနေကြပြီး ဒေသခံအရပ်သားများကို အကြမ်းဖက်လုပ်ငန်းများ ဆက်တိုက်လုပ်နေကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာ ၂၂ ရက်ကလည်း ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ မောင်တောမြို့နယ် ကျောက်ပန္ဒူရွာသို့ ထွက်လာသည့် ခရီးသည်ကားတစ်စီးကို ARSA တပ်ဖွဲ့ဝင်များက ပစ်သတ်ပြီး အမျိုးသမီးနှစ်ဦး သေဆုံးကာ အမျိုးသား ၂ ဦး ဒဏ်ရာရှိခဲ့သည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် ၆ လတာအတွင်း ARSA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၄၀ ထက်မနည်း သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရထားကာ ပြန်ပေးဆွဲဖမ်းဆီးခံရမှုလည်း ရှိနေ၍ ဒေသခံများမှာ စိုးရိမ်စိတ်များ မြင့်တက်နေကြသည်။
ARSA၊ RSO အဖွဲ့များသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေသဖြင့် နယ်စပ်ဒေသတွင် နေထိုင်သော ဒေသခံများအနေဖြင့် တောထဲတောင်ထဲနှင့် လူပြတ်သည့် နေရာများအား တစ်ဦးတည်း၊ လူနည်းစုဖြင့် သွားလာခြင်း မပြုရန်၊ ကျန်းမာရေးစသည့် အရေးကြီး ကိစ္စများပေါ်လာပါက အာရက္ခတပ်တော်၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပို့ပြီးမှ သွားလာကြရန် အသိပေးထားသည်။







