ပူတာအို – မြစ်ကြီးနားကားလမ်း ရက်အကန့်သတ်မရှိပိတ်

ပူတာအို – မြစ်ကြီးနားကားလမ်း ရက်အကန့်သတ်မရှိပိတ်
Photo credit - CJ
Photo credit - CJ

ကချင်ပြည်နယ် ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဘက်က ပိတ်ထားကြောင်းသိရပါတယ်။

ပူတာအိုဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ပူတာအို – မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့မနက် ပိုင်းကနေစပြီး မြစ်ကြီးနားမြို့နယ် နောင်နန်းရွာအထက် လမုန်ဇွပ်ရွာကနေ ရုတ်တရက်ပိတ်ချလိုက်ကြောင်း ပူတာအို–မြစ်ကြီးနားလမ်းပိုင်းမှာမောင်းနင်နေတဲ့ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။

“မနေ့ကအထိသွားလို့ရတယ် ဒီနေ့မနက်ကနေပိတ်လိုက်တာဟုတ်တယ် အခုကားတွေပြန်ခေါက်နေကြတယ် တန်ဖဲဂိတ်ကနေလှည့်ပြန်ခိုင်းနေတယ်ကျော်လို့မရဘူး သူတို့စစ်ကြောင်းထိုးမယ်ပြောတယ် အဲ့ကြောင်းပိတ်တာတဲ့”လို့သူကပြောပါတယ်။

စစ်ကောင်စီတပ်လမ်းပိတ်လိုက်တာ ကြောင့် ဒီကနေ့မနက် မြစ်ကြီးနားကနေပူတာအိုဘက်တက်မယ့်ကား တွေ မြစ်ကြီးနားမြို့အထွက် တန်ဖရဲဂိတ်ကနေကားတွေအားလုံး လှည့်ပြန်ခိုင်းကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေဆီကနေ ရရှိထားတဲ့သတင်းအချက် အလက်အရ စစ်ကောင်စီတပ်က ဒီရက်ပိုင်း ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းမှာစစ်ကြောင်းထိုးဖို့ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရပါတယ်။

“မြစ်ကြီးနားကနေ တန်ဖရဲဂိတ်ဘက်ကိုလည်း အင်အားဖြည့်နေတယ်တဲ့ ပြီးတော့ပူတာအိုဘက်ကနေလည်း နေ့နေ့ညည သွားနေတာပဲ တန်ဂျာ၊လုံရှာယန်ဘက်ကို သူတို့အင်အားဖြည့်နေတာ တခုခုထူးလာမလား”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ပူတာအို–မြစ်ကြီးနားလမ်းပိုင်းပိတ်ထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“အင်း.စစ်ကောင်စီတပ်ဘက်က ပိတ်ထားတယ်လို့သိရတယ် တခြား ကျနော်တို့ကာကွယ်ရေးတပ်တွေဘက်က ပိတ်ထားတာတော့မရှိဘူးဗျ။ စစ်ရေးအခြေအနေကတော့ သူတို့ဘယ်လိုစိုးရိမ်လို့ပိတ်ထားသလဲတော့ ကျနော်တို့လည်းမသိဘူး”လို့ သူကပြောပါတယ်။

ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကိုတော့ လက်ရှိKIAနဲ့ ခါကာဘိုပြည့်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီဟာလာမယ့် ဒီဇင်ဘာလထဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမတိုင်မှီ လက်လွတ်ထားတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့အတွက် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်တုန်းကလည်းစစ်ရေးအခြေအနေကြောင့် မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်း ၃ လ ကျော်ကြာ ပိတ်ထားတဲ့အတွက် ပူတာအိုဒေသမှာ ဓာတ်လီတစ်လီတာ ကျပ် ၈၀၀၀၀၊ကြက်ဥတစ်လုံးကျပ် ၅၀၀၀ အထိစံချိန်တင်ကုန်စျေးနှုန်းမြင့်တက်ခဲ့ပါသေးတယ်။

ပူတာအိုခရိုင်ထဲမှာတော့ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူးနဲ့ မချမ်းဘော့စတဲ့မြို့နယ် ၄ ခုအထိရှိပါတယ်။

အထက်ဖော်ပြပါမြို့နယ် ၄ ခုထဲမှာ မချမ်းဘော့မြို့နယ် ထန်ဂါးကျေးရွာအနီးမှာ အောက်ဘာ ၁၃ ရက်နေ့က KIAပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ ၊ တန်ဂူးတန်ပြည်သူ့စစ်ပူးပေါင်းတွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးဒီကနေ့အထိနှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

အလားတူ ခေါင်လန်ဖူးမြို့နယ်ထဲမှာလည်းပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကစပြီး ခေါင်လန်ဖူးနဲ့ ဆော့လော်မြို့နယ်အစပ်ရှိ ခေါင်လန်ဖူးနယ်ထဲက လန်ဟီဆင်အနီးမှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်စခန်း နှစ်ခုကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့ပါတယ်။

အခုလိုပူတာအိုခရိုင်ထဲက ခေါင်လန်ဖူး နဲ့မချမ်းဘော့မြို့နယ်တွေထဲစစ်ရေးတင်းမာနေတာကြောင့် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်းကိုစစ်ကောင်စီတပ်ဘက်က ရက်အကန့်အသတ်မရှိပိတ်လိုက်တာဖြစ်ပါတယ်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...