တပ်စခန်း ၂ ခုထပ်မံလက်လွှတ်လိုက်ရတဲ့နောက် လန်ဆယ်ရွာကို ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်

တပ်စခန်း ၂ ခုထပ်မံလက်လွှတ်လိုက်ရတဲ့နောက် လန်ဆယ်ရွာကို ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်
 photo credit - CJ
photo credit - CJ

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲက စစ်‌ကောင်စီပူးပေါင်းတပ်စခန်း ၂ ခုကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က လန်ဆယ်ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီခွဲမှာလည်း ထလန်ဆယ်ကနေ တစ်မိုင်ဝန်းကျင်အကွာရှိ ရွှေမှော်တစ်ဝိုက်ကို ဗုံးအလုံး ၂၀ ကြိမ်ထက်မနည်း ကြဲသွားတယ်လို့ သိရပါတယ်။

“အခုတလော ၃ ရက်ဆက်တိုက်ဟုတ်ပြီ နေ့တိုင်းလာကြဲနေတယ်။ ရွာတွေထဲပဲ လိုက်ကြဲနေတယ်။ ဒီနေ့ကတော့ လန်ဆယ်ရွှေမှော်တဝိုက် ကြဲသွားတယ်။ ဟိုတလောက ကျနော်တို့ကို သူတို့လာတိုက်ခိုက်တဲ့ လန်ဟီဆင် တပ်စခန်းကနေ အရှေ့ဘက် မီတာ ၃၀၀၀၊ ၄၀၀၀ လောက်အကွာမှာ သူတို့ရဲ့ တပ်စခန်းကြီး ရှိတယ်လေ။ အဲဒီတပ်စခန်းကြီးကို ကျနော်တို့ သွားတိုက်ခိုက်သိမ်းပိုက်လိုက်လို့ ဟုတ်တယ်” လို့ လန်ဆယ်ရောက် KIA အရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။  

လန်ဆယ်နဲ့ ခေါင်လန်ဖူးကြားရှိ လန်ဟီဆင် KIA စခန်းနဲ့ အနီးကပ်ဆုံးရှိ စစ်တပ်နဲ့ ပြည်သူ့စစ်စခန်းကြီးတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဘက်က အောက်တိုဘာလ ၂၀ ရက်နေ့တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

KIA ပူး‌ပေါင်းတပ်သိမ်းလိုက်တဲ့စခန်းဟာ လန်ဟီဆင်ကနေ မီတာ ၄၀၀၀ ခန့်အကွာရှိ မခေါင်ဒမ်းရွာ ဆုတောင်းတောင်ကုန်းပေါ်မှာ အခိုင်အမာ တပ်ချထားတဲ့ ပြည်သူ့စစ် တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ မခေါင်ဒမ်း ပြည်သူ့စစ်စခန်းကြီးကို မသိမ်းပိုက်မီ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ရှလာန်ဒမ်း(Shalang Dam) ပြည်သူ့စစ်စခန်းကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်နဲ့ စစ်တပ် ပူးပေါင်းတပ်တွေဘက်က တပ်စခန်း ၂ ခုကို လက်လွှတ် လိုက်ရပြီးနောက် အောက်တိုဘာလ ၂၀၊၂၁၊၂၂ ရက် ဒီနေ့ထိ ၃ ရက်ဆက်တိုက် လန်ဆယ်ကို ဗုံးကြဲတိုက်ခိုက်နေတာလို့ သိရပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့က စစ်တပ်ဗုံးကြဲမှုကြောင့် လန်ဆယ်အနီး လပေါကျေးရွာက ရွာခံအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၁ ရက်နေ့ မနေ့က စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် လန်ဆယ်ထဲက ပြည်သူပိုင်စျေးဆိုင်တစ်ခု ထိခိုက်ပျက်စီးသွားခဲ့သလို တန်ဒေ(Dangde) ရွာနဲ့ နာပေ(Nabe) ရွာတွေထဲက နေအိမ်တစ်ချို့အပါအဝင် ဘုရားကျောင်းဆောင်တွေလည်း ပျက်စီးသွားတယ်လို့ ဆက်လက်သိရပါတယ်။

အောက်တိုဘာ ၂၂ ရက် ဒီနေ့မှာလည်း စစ်တပ်က ၂၀ ကြိမ်ထက်မနည်း လန်ဆယ်တဝိုက်ကို ဗုံးကြဲသွားတာ ဖြစ်ပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးတာလည်းဖြစ်ပါတယ်။

လက်ရှိ ခေါင်လန်ဖူးဘက်ကို ဦးတည်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေ ထိုးစစ်ဆင်နေတာကြောင့် စစ်တပ်ဘက်ကလည်း လန်ဆယ်ကို ဆက်တိုက် ဗုံးကြဲနေခြင်း ဖြစ်ပါတယ်။

“အခုသိမ်းလိုက်တဲ့ တပ်စခန်းတွေက လန်ဆယ်နဲ့ ခေါင်လန်ဖူးကြား ဒီဘက် ကျနော်တို့ရှိရာနဲ့ အနီးကပ်ဆုံး တပ်စခန်းတွေဖြစ်တယ်။ သူတို့ ကျနော်တို့ဆီ ထိုးစစ်ဆင်ဖို့လည်း ခေါင်လန်ဖူးကနေ အဲဒီတပ်စခန်းတွေမှာ အရင်စုစည်းပြီးမှ ထိုးစစ်ဆင်လာတာဟုတ်တယ်။ ရှလာန်ဒမ်းပြည်သူ့စစ်စခန်းက နယ်စပ်အမှတ် ၂၉ ဘက်နဲ့ နီးတယ်။ အခုက ကျနော်တို့ နေ့တိုင်း သူတို့ဘက်ကို ထိုးစစ်ဆင်နေတယ်။ ခေါင်လန်ဖူးထိ ထိုးစစ်လုပ်မလား၊ မလုပ်ဘူးလားတော့ သေချာမသိသေးဘူး” လို့ KIA အရာရှိက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေ အင်အား ၆၀၀ ခန့်နဲ့ လန်ဆယ်ရဲ့အဓိက အမာခံ ခံတပ်စခန်းကုန်းဖြစ်တဲ့ လန်ဟီဆင်KIA တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီမှာ တိုက်ပွဲ ၅ ရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေဘက်က ထိုးစစ်ဆင်လာတဲ့ ပြည်သူ့စစ်နဲ့ စစ်တပ် ပူးပေါင်းတပ်ဖွဲ့တွေကို ခုခံနိုင်ခဲ့ပါတယ်။

ဆော့လော်မြို့နယ်နဲ့ ခေါင်လန်ဖူးမြို့နယ်ရဲ့ အစပ် လန်ဟီဆင်တိုက်ပွဲ ဖြစ်ပွားပြီးနောက် လက်ရှိမှာတော့ ပြည်သူ့စစ်တွေ ဆုတ်ခွာသွားသော ခေါင်လန်ဖူးဘက်ကို ဦးတည်ကာ KIA ဘက်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန် အောက်တိုဘာလ လဆန်းပိုင်းမှာ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ လန်ဆယ်ရွှေမှော်ဒေသကို KIA/KIO လက်ထဲကနေ ရယူနိုင်ဖို့ ထိုးစစ်အရင်စခဲ့ပေမဲ့ တိုက်ပွဲမအောင်မြင်ပဲ ဆုတ်ခွာလိုက်ရပြီးနောက် လက်ရှိမှာ ခေါင်လန်ဖူး၊ ပူတာကိုဘက်အထိ စစ်ရေးအခြေအနေ တင်းမာနေတာဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...