ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၃၀၀၀ အတွက် အမိုးအကာ လိုအပ်နေ

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၃၀၀၀ အတွက် အမိုးအကာ လိုအပ်နေ
Photo credit - CJ
Photo credit - CJ

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာ ၄ ရွာကို စစ်ကော်မရှင်တပ်က နေအိမ်မီးရှို့ ဖျက်ဆီးမှု ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံ ၃၀၀၀ ဝန်းကျင် ထွက်ပြေးနေကြပြီး နေရာထိုင်ခင်းအတွက် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ယခုလ အောက်တိုဘာ ပထမပတ်နှင့် ဒုတိယပတ်အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေးရွာ၊ ဘောရန် အပေါ်ကျေးရွာနှင့် ဘောရန် အောက်ကျေးရွာတို့ကို စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးကာ ပြည်သူနေအိမ်များကို မီးရှို့ဖျက်စီးခဲ့ပြီး ကရင်နီတော်လှန်ရေး တပ်‌ပေါင်းစုတို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုကျေးရွာများ မီးရှို့ခံရပြီး ဒေသခံများ ထွက်ပြေးလာစဉ် စစ်ဘေးရှောင်အချို့ကို ကရင်နီ တော်လှန်ရေးတပ်တော်နှင့် အခြားသော စစ်ရှောင်ကူညီရေးအဖွဲ့များကလည်း ပြောင်းရွှေ့ကူညီပေးခဲ့ကြောင်း (PNDF-KK) တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စထွက်ပြေးတဲ့ ရက်တုန်းကတော့ စစ်ဘေးရှောင်တွေက အကုန် ထောင်ချီ စုနေတာ။ သူတို့ကို နေရာတွေ ပြောင်းရွှေ့ကူခဲ့ရတယ်။ လူက အရမ်းများတော့ နေရာတွေခွဲရတယ် ပြောင်းရတယ်။ တောင်ယာထဲတွေ၊ တောထဲတွေ ထွက်ပြေးတိမ်းရှောင်နေတာလည်း ရှိတယ်”ဟု စစ်ဘေးရှောင် ကူညီ‌ပေးသည့် တော်လှန်ရေး တပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်သည် လက်ရှိတွင် သျှမ်း – ကရင်နီပြည် နယ်စပ်တကြော နီးစပ်ရာ ကျေးရွာ၊ စစ်ဘေးရှောင်စခန်းနှင့် တောတောင်အတွင်း ခိုလှုံနေကြပြီး နေရာထိုင်ခင်းများအတွက် အမိုးအကာ၊ ဝါးနှင့် သစ်များ လိုအပ်နေကြောင်း Jobs For Kayah တာဝန်ရှိသူ တစ်ဦးက ထပ်လောင်းပြောသည်။

“လမ်းဘေးမှာ အဆင်ပြေသလို ယာယီနေနေကြတဲ့ စစ်ရှောင်တချို့တွေလည်း ရှိတယ်။ အကုန်လုံးကတော့ အဆင်ပြေသလို ယာယီ နေနေရတာပါ။ တချို့တွေကလည်း နေစရာ လုပ်နေတုန်းပါ။ အကုန်လုံးနီးပါးကတော့ အကူအညီတွေ လိုအပ်နေပါတယ်”ဟု Jobs For Kayah ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း အကူအညီများ လိုအပ်နေသည့်အပြင် စားနပ်ရိက္ခာ အတွက်လည်း အကူအညီများ လိုအပ်နေကြကြောင်း Jobs For Kayah အဖွဲ့မှ ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

ထိုစစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်ထဲတွင် အများစုသည် သက်ကြီးရွယ်အိုနှင့် ကလေး အများစု ဖြစ်နေသည့်အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်စလုံးရွာ၊ မြောက်စလုံးရွာ၊ ဘောရန် အပေါ်ရွာနှင့် ဘောရန် အောက်ရွာတို့သည် စစ်ကော်မရှင်တပ်၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်‌ပေါင်းစုတို့အကြား တိုက်ပွဲများကြောင့် တတိယအကြိမ်မြောက် ထပ်မံထွက်ပြေး တိမ်းရှောင်ရခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၃) ရက်နေ့မှ စပြီး ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ အနီးအနားတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့်အပြင် ထိုကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကော်မရှင်တပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းတမ်းပစ်ခတ်နေကြောင်း သိရသည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...