စစ်ကောင်စီတပ်က ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာကို ဝင်ရောက်ပြီး မီးရှို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြော

စစ်ကောင်စီတပ်က ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာကို ဝင်ရောက်ပြီး မီးရှို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြော

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ဒီကနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ပိုင်းကစလို့ ဝင်ရောက်ပြီး မီးရှို့တာတွေ လုပ်နေကာ ရွာကဒေသခံတွေအားလုံးနီးပါးကတော့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခြေနေသိရှိတဲ့ ဒေသခံတစ်ဦးက “ရာဇဂြိုလ်ဘက်ကနေ လက်ပံချောင်းဘက်ကို စစ်ကောင်စီတပ်တွေ ဒီကနေ့ မနက်ကစလို့ လက်ပံချောင်းကျေးရွာကို ဝင်ရောက်လာတယ်။ မီးတွေလည်း ဒီကနေ့ မနက်ကစလို့ ရှို့နေတယ်။ ဖူဆယ်ဘော်လုံးကွင်းဘက်ခြမ်းက ဒေသခံတွေ အားလုံးနီးပါးကတော့ နီးစပ်ရာကို ထွက်ပြေး တိမ်းရှောင်ကြပါတယ်” လို့ပြောပါတယ်။

ကလေး - ခမ်းပတ် - တမူး အာရှလမ်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရာဇာဂြိုလ်ကျေးရွာကို အောက်တိုဘာလ ၁၉ ရက်နေ့က ဝင်ရောက် စစ်ကြောင်းထိုးခဲ့ပြီးနောက် လက်ပံချောင်းဘက်ကို တဆက်တည်း စစ်ကြောင်းထိုးလာတာလို့လည်း ဒေသခံဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “လက်ပံချောင်းကျေးရွာက ဒေသခံတွေက ညကြီးမှာ ပြေးကြတာလို့ပြောတယ်။ သူတို့နဲ့ နီးစပ်ရာ တောင်ပေါ်ဘက်တွေကို ပြေးကြတယ်လို့ ပြောတယ်။ လက်ပံချောင်းရွာကို ကလေး - တမူး စစ်ကြောင်းထိုးနေတဲ့ အုပ်စု ဝင်တာဖြစ်တယ်” လို့ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကလေး - ခမ်းပတ် - တမူး အာရှလမ်းမကြီး တလျှောက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နေရာတွေကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ လူအင်အား အမြောက်အများကိုလည်း အသုံးပြုပြီး ထိုးစစ်ဆင်လာနေတာကြောင့် ဒေသခံအမြောက်အများ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “ကလေးမြို့ပေါ်ကတော့ ပုံမှန်အတိုင်းပဲ စစ်ရှောင်တွေ မြို့ပေါ်လာကြတာလည်းများတော့ မြို့ပေါ်က စည်ကားလို့ အရင်ရက်တွေကတည်းကနေ ခုံသာတို့ စတဲ့ရွာတွေက ကြိုပြီးတော့ မြို့ကိုလာရှောင်ကြတာ မြို့ပေါ်ကတော့ စည်ကားနေတာပေါ့” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့ကို အောက်တိုဘာလ ၁၆ ရက်နေ့လောက်ကစလို့ စစ်ထောက်ပို့လေယာဉ်တွေနဲ့ စစ်အင်အားအများအပြားကို ပို့ဆောင်ထားပြီး ကလေးမြို့နယ် မြောက်ပိုင်း ကလေး - တမူး အာရှလမ်းမ တလျှောက်က တော်လှန်ရေးတွေ ထိန်းချုပ်ထားတဲ့ မြို့ရွာကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

photo credit - CJ

July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...